သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို လက်နက်ရောင်းနေတဲ့ တရုတ်ကုမ္ပဏီနဲ့ မဆက်ဆံဖို့ Airbus ကုမ္ပဏီကို တောင်းဆို


ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နိုင်ငံ ဘေကျင်းမြို့တော်က လေကြောင်းပြပွဲအခမ်းအနားတခုမှာတွေ့ရတဲ့ Airbus ကုမ္ပဏီထုတ် လေယာဉ်အမျိုးအစားမော်ဒယ်များ (စက်တင်ဘာ ၁၆၊ ၂၀၁၅)
ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နိုင်ငံ ဘေကျင်းမြို့တော်က လေကြောင်းပြပွဲအခမ်းအနားတခုမှာတွေ့ရတဲ့ Airbus ကုမ္ပဏီထုတ် လေယာဉ်အမျိုးအစားမော်ဒယ်များ (စက်တင်ဘာ ၁၆၊ ၂၀၁၅)

ပြင်သစ်နိုင်ငံရဲ့ Airbus လေယာဉ်ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးပြုပြီး တရုတ်လေကြောင်းထုတ်လုပ်ရေး ကော်ပိုရေးရှင်း (AVIC)ကို မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချတာတွေရပ်တန့်အောင် ဖိအားပေးဖို့ မြန်မာအရေးတက်ကြွလှုပ်ရှားသူတွေက အစီရင်ခံစာသစ်တစောင်ထုတ်တောင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်၊ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ အဲဒီအစီရင်ခံစာထဲမှာတော့ Airbus ကုမ္ပဏီဟာ တရုတ်ကုမ္ပဏီက ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုုပ်နှံမှုတွေကို ဆက်ထိန်းထားရုံတင်မဟုတ်ဘဲ ထပ်တိုးလိုက်တယ်လို့ ပြောပါတယ်။ Airbus ကုမ္ပဏီဟာ AVIC ရဲ့ ဟောင်ကောင်မှတ်ပုံတင် AviChina ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား လုပ်ဆောင်ထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Airbus ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့ ရောင်းချတာတွေလုပ်နေတဲ့ တရုတ်ကုမ္ပဏီမှာ အခုလို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အတွက် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်နိုင်တယ်လို့ စွပ်စွဲပြောဆိုတဲ့အပေါ်မှာ မဟုတ်ဘူးလို့ Airbus ကုမ္ပဏီပြောခွင့်ရက ငြင်းဆိုလိုက်ပါတယ်။

ပဲရစ်အခြေစိုက် Justice for Myanmar နဲ့ Info Birmanie အဖွဲ့တို့က #AIRBUSTED ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ Airbus ရဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ AVIC ကုမ္ပဏီဟာ မြန်မာစစ်တပ်ကို လက်နက်တွေ ဘယ်လိုတင်ပို့နေပြီး Airbus ကုမ္ပဏီအနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာကို ပြောထားပြီး AVIC ကုမ္ပဏီက မြန်မာစစ်တပ်ကို နိုင်ငံတဝန်းစစ်ရာဇဝတ်မှုကျူးလွန်တဲ့နေရာမှာ အသုံးပြုနေတဲ့ လေယာဉ်တွေနဲ့လက်နက်တွေ ဆက်လက်တင်ပို့နေတယ်ဆိုတဲ့ အချက်အလက်တွေကို ရှာဖွေတွေ့ရှိထားကြောင်း ပြောထားပါတယ်။

Airbus အနေနဲ့ AVIC နဲ့ တခြားကုမ္ပဏီခွဲတွေအပေါ်မှာရှိတဲ့ သြဇာအရှိန်အဝါကိုသုံးပြီး၊ မြန်မာစစ်တပ်ကို တင်ပို့နေတဲ့၊ တင်ပို့ဖို့စီစဉ်ထားတဲ့ လေယာဉ်တွေ၊ လက်နက်တွေနဲ့ တခြားစစ်လက်နက်ပစ္စည်းအားလုံးကို ရပ်တန့်အောင်လုပ်ဖို့လည်း အစီရင်ခံစာက တောင်းဆိုထားပါတယ်။

AVIC ဟာ ကမ္ဘာ့အကြီးဆုံး စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက တခုဖြစ်ပြီး၊ မြန်မာစစ်ကောင်စီကို လေယာဉ်နဲ့ လက်နက်တွေ ရောင်းချနေတာဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီဟာ အဲဒီကရတဲ့ လေယာဉ်တွေနဲ့ လက်နက်တွေကို အသုံးပြုပြီး နိုင်ငံတဝန်းက လက်နက်ကိုင်ပဋိပက္ခတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG