သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတ အဖြစ် မဲခွဲရွေးချယ်


သမ္မတသစ် ဦးဝင်းမြင့်
သမ္မတသစ် ဦးဝင်းမြင့်

ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို သမ္မတသစ်အဖြစ် လွှတ်တော်ကိုယ်စားလှယ် တွေက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ ရွေးချယ်လိုက်ကြပါတယ်။ ရာထူးက အနားယူသွားတဲ့ သမ္မတ ဦးထင်ကျော် လက်ထက်အတွင်း ပြောင်းလဲမှူ တွေကို ထိရောက်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိတဲ့အပေါ် အားမလို အားမရဖြစ်နေချိန် အာဏာရ NLD ပါတီက ကိုယ်စားလှယ် ဦးဝင်းမြင့်ကို သမ္မတသစ်အဖြစ် ရွေးချယ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း လွှတ်တော်မှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိူင်က တင်ပြပေးပါမယ်။

မတ်လ ၂၁ ရက်နေ့မှာ ရာထူးကနေ အနားယူသွားတဲ့ သမ္မတ ဦးထင်ကျော်နေရာမှာ အစားထိုး ခန့်အပ်ဖို့ ရွေးချယ်ထားတဲ့ ဒုသမ္မတ (၃) ဦးကို ပြည်ထောင်စုလွှတ်တော်မှာ မဲပေးတဲ့ အစီအစဉ် မစခင် ပြည်ထောင်စုလွှတ်တော်ဥက္ကဌက လုပ်ထုံးလုပ်နည်းတွေကို ရှင်းပြခဲ့ပြီး လွှတ်တော် ၂ ရပ်ပေါင်း ကိုယ်စားလှယ် ၆၅၆ ရှိတဲ့အထဲက ဒီကနေ့ မဲပေးဖို့ တက်ရောက်လာကြတဲ့ လွှတ်တော် ကိုယ်စားလှယ် အရေအတွက်ဟာ ၆၃၆ ဦး ရှိကြေင်း ကြေညာပါတယ်။

ဒီကနေ့မနက် ၁၀ မှာ မဲခွဲ ရွေးချယ်ပြီးချိန်မှာတော့ စုစုပေါင်း မဲအရေအတွက် ၄၀၃ မဲနဲ့ မဲအများဆုံး ရခဲ့တဲ့ NLD ပါတီက ပြည်သူ့လွှတော်ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို သမ္မတအဖြစ် ရွေးကောက် တင်မြောက်လိုက်ကြတာ ဖြစ်ပါတယ်။

ရွေးချယ်ခံရသူ သမ္မတရဲ့အမည်ကို ပြည်ထောင်စုလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။

“ထောက်ခံဆန္ဒမဲ အများဆုံးရရှိတဲ့ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ကြောင်း ကြေညာပါတယ်။”

လက်ရှိ ဒုသမ္မတ (၁) ဦးမြင့်ဆွေက ဒုသမ္မတ (၁) ရာထူးကို ပြန်လည် ရရှိသွားပြီး မဲအရေအတွက် ၁၈ မဲ ရရှိခဲ့တဲ့ လက်ရှိ ဒုသမ္မတ (၂) ဟန်နရီ ဗန်ထီးယူဟာလည်း ဒုသမ္မတ (၂) ရာထူးကို ပြန်လည် ရရှိသွားပါတယ်။

လွှတ်တော်အတွင်း အမတ်နေရာ အများစု အနိုင်ရထားတဲ့ NLD ပါတီက ကိုယ်စားလှယ်တဦးအနေနဲ့ အများက ကြိုတင် ခန့်မှန်း ထားတဲ့အတိုင်း ဦးဝင်းမြင့် သမ္မတအဖြစ် ရွေးချယ်ခံရတာပါ။

ဒါပေမယ့် ရာထူးက အနားယူသွားတဲ့ သမ္မတ ဦးထင်ကျော် လက်ထက် ၂ နှစ်ကျော်ကြာ ကာလအတွင်း ပြောင်းလဲမှူတွေကို ထင်သလောက် ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိတဲ့အပေါ် အားမလို အားမရ ဖြစ်နေကြချိန်မှာ သမ္မတသစ်အနေနဲ့ ပြည်သူတွေ မျှော်လင့်နေတဲ့ စစ်မှန်တဲ့ ပြောင်းလဲမှူတွေကို ဖော်ဆောင်ပေးနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

NLD ပါတီက စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင် ကလည်း ပြောင်းလဲမှူတွေကို ထင်သလောက် မဖော်ဆောင်နိုင်ခဲ့ပေမယ့် သမ္မတသစ် လက်ထက်မှာ အခြေခံကောင်းတွေက ချမှတ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“အစိုးရသစ် တက်လာကတည်းကနဲ့ ကျနော်တို့ ပါတီအပေါ်မှာ၊ ကျနော်တို့အစိုးရအပေါ်မှာ အများကြီးမျှော်လင့်ထားတာပေါ့ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ အခက်အခဲတွေအများကြီးရှိတဲ့အခါ ဖြစ်သင့်သလောက်မဖြစ်တဲ့အခါမှာ ပြည်သူလူထုကနေမှ စိုးရိမ်တာတွေရှိတယ် စိတ်ပျက်တာတွေရှိတယ်။ သို့မဟုတ်ရင်လည်း ပိုပြီးတော့မှ ဖြစ်စေချင်တဲ့ ဆန္ဒတွေ ပြည်သူဘက်မှ ရှိနေတယ်ဆိုတာ ကျနော်တို့က ပြည်သူထဲမှာနေတဲ့အခါကျတော့ တွေ့ရတယ်ပေါ့။ လွှတ်တော်ကိုယ်စားလှယ်ထဲမှာလည်း ကိုယ်စားလှယ်တွေအများကြီးရှိတယ် ကျနော်တို့ နောင်လာနောက်သားတွေအတွက် ကျနော်တို့တကယ်နိုင်ငံရေးဝင်လုပ်နေတာက နောင်မျိုးဆက်တွေအတွက် ကျနော်တို့က အခြေခံကောင်းတွေပေးချင်လို့ ကျနော်တို့ ဝင်လုပ်ကြတာကို အခုဒီသမ္မတ ရွေးချယ်ရေးက ကျနော်တို့ အများကြီးမျှော်လင့်ထားတယ်။”

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ရှမ်းပြည်နယ်၊ မောက်မယ်မြို့ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းငေါင်းဆိုင်ဟိန်းကတော့ သမ္မတသစ်လက်ထက်မှာ အရင် သမ္မတကထက် တိုင်းရင်းသားတွေအရေးကို ပိုဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ဦးထင်ကျော်လက်ထက်မှာ လုပ်ခဲ့သော်လည်း ထင်သလောက်မဖြစ်ခဲ့ဘူးပေါ့နော်။ အခု ဒီသမ္မတကြီးအပြောင်းအလဲလက်ထက်မှာ ပိုများဆောင်ရွက်နိုင်မလားပေါ့နော်။ သူကတော့ ဦးထင်ကျော်ပိုဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ပြည်တွင်းရေးသာမက နိုင်ငံတကာအရေးမှာပါ အားကိုးရတဲ့ သမ္မတအဖြစ် ရပ်တည်စေချင်တယ်။ ကျနော်တို့ထင်တယ် မျှတအောင်ဆောင်ရွက်နိုင်ဖို့အတွက်တော့ နေရာတိုင်း သွားနိုင်ဖို့လိုမယ်ထင်ပါတယ်။ ဥပမာ ကျနော်တို့ ရှမ်းပြည်နယ်အရှေ့ခြမ်းခရီးကိုဒုသမ္မတ ဟန်နရီ ဗန်ထီးယူရောက်ခဲ့တယ်ပေါ့နော် တခါမှ မရောက်တဲ့ ခရီးကို ရောက်ခဲ့တယ်။ အခုလက်ရှိ ဒီသမ္မတတွေကိုလည်း ကျနော်တို့ တိုင်းရင်းသားဒေသတွေ ရှမ်းပြည်နယ်ဒေသမှမဟုတ်ဘူး တခြားဒေသတွေလည်း ကွင်းဆင်းထိတွေ့ပေးဖို့ လိုအပ်တာပေါ့နော်။”

NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ သမ္မတအရည်အချင်းနှင့် ပြည့်စုံမှူ ရှိမရှိ စစ်ဆေးရေး အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကတော့ ပြောင်းလဲမှူတွေကို ဖော်ဆောင်နိုင်မယ့်သူကို ရွေးချယ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောပါတယ်။

“အကျိုးရလဒ်အပေါ်မှာ မှန်းဆပြီးတော့ ပြောဖို့ အင်မတန်ခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိန်ခေါ်မှုတွေအများကြီးရှိတယ်။ သေချာပြောနိုင်တာကတော့ အနာဂတ်နိုင်ငံတော်ရဲ့ သေချာသွားရမယ့် အရွေ့တခုကို ရွေ့အောင်ကြိုးစားတဲ့နေရာမှာ ကိုယ်ရောစိတ်ရော အားသွန်ခွန်စိုက်နဲ့ ကြိုးစားသွားမယ့်သမ္မတဖြစ်မယ်ဆိုတာကတော့ ယုံကြည်တယ်။ ဘယ်လောက်အောင်မြင်မလဲ မအောင်မြင်ဘူးလဲဆိုတာကတော့ ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ အရပ်ရပ်မှာမူတည်ပြီးတော့ ကြိုးစားအားထုတ်နိုင်တဲ့ စွမ်းဆောင်ရည်နဲ့ ရင်ဆိုင်ရဲ့ စိန်ခေါ်မှုရဲ့ကြားထဲမှာ မူတည်ပြီးတော့ အကျိုးအမြတ်က ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော အကျိုးအမြတ်များပေါ်ပေါက်ပါစေလို့ ဆန္ဒပြုပါတယ်။”

ဒီကနေ့ကျင်းပတဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်အမတ် အများစုအပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပြီး အစိုးရဝန်ကြီး အဖွဲ့ဝင်တွေ၊ လွှတ်တော်ရေးရာကော်မီတီ ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေလည်း တက်ရောက် ခဲ့ကြပါတယ်။

သမ္မတဦးထင်ကျော် ရာထူူးက အနားယူလိုက်တဲ့ နေ့မှာဘဲ လွှတ်တော်ဥက္ကဌ ရာထူူးကနေ အကြောင်းပြချက် တစုံတရာ မရှိဘဲ ပြည်သူ့လွှတ်တော်ဥက္ကဌ ရာထူူးကနေ ဦးဝင်းမြင့် ရုတ်တရက် အနား ယူလိုက်တာကြောင့် လွှတ်တော် ဦးဝင်းမြင့်ဘဲ သမ္မဖြစ်လာမယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေ ထွက်လာခဲ့တာပါ။ မတ်လ ၂၆ ရက်၊ တနင်္လာနေ့မှာ ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော် က ဒုသမ္မတအဖြစ် မဲခွဲ ရွေးချယ်လိုက်ချိန်မှာတော့ အဲဒီလို ဦးဝင်းမြင့် သမ္မတဖြစ်မယ်ဆိုတဲ့ ထင်ကြေးပေး ခန့်မှန်းမှုတွေ ပိုမို ခိုင်မာသွားစေခဲ့ပါတယ်။

၃၀ရက်နေ့ နေ့လည် ၁ နာရီ ခွဲမှာ ပြည်ထောင်စုလွှတ်တော် ပြန်စတဲ့အချိန်မှာတော့ သမ္မတသစ်အနေနဲ့ ကျမ်းသစ္စာ ကျိန်ဆိုပြီး နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် မိန့်ခွန်း ပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG