သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tiananmen အရေးအခင်း ထိခိုက်သေဆုံးစာရင်းထုတ်ပြန်ပေးဖို့ ကန်တောင်းဆို


Tiananmen အရေးအခင်းနှစ်ပတ်လည်
Tiananmen အရေးအခင်းနှစ်ပတ်လည်

တရုတ်နိုင်ငံ၊ Tiananmen ရင်ပြင်မှာ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲအတွင်း သေဆုံးသွားသူတွေနဲ့ ပျောက်ဆုံး၊ ဖမ်းဆီးခံထားရသူတွေရဲ့ စာရင်း အတိအကျကို အစိုးရအနေနဲ့ ထုတ်ပြန်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ အလားတူ တောင်းဆိုမှုမျိုး နိုင်ငံတကာက ပြုလုပ်နေတဲ့အထဲ အမေရိကန်လည်း ပါဝင်လာတာပါ။

Tiananmen ရင်ပြင် လှုပ်ရှားမှု ကွယ်ပျောက်မသွားရေးအတွက် လှုပ်ရှားနေသူတွေကို ဖမ်းဆီးထောင်ချနေတာတွေနဲ့ အဲဒီ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် အနှောက်အယှက် ပေးနေတာတွေ ရပ်တန့်ဖို့ Tiananmen အရေးတော်ပုံ ၂၉ နှစ်ပြည့်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြင်းထန်တဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။ Tiananmen ရင်ပြင်က ဒီမိုကရေစီ အရေး ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြသူတွေကို တရုတ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် တချို့ခန့်မှန်းချက်အရ လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ယနေ့အချိန်အထိ တရုတ်နိုင်ငံမှာ Tiananmen ရင်ပြင်မှာ ဖြစ်ပျက်ခဲ့တာတွေကို ထုတ်ဖော် ပြောဆိုခွင့် ပိတ်ပင်ခံထားရဆဲ ဖြစ်သလို အဲဒီ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေရဲ့ မိသားစုဝင်တွေဟာလည်း အစိုးရရဲ့ နှောက်ယှက်မှုတွေကို ခံနေကြရဆဲ ဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြမှုဟာ တန်ပြန် တော်လှန်ပုန်ကန်တဲ့ လှုပ်ရှားမှုကြောင်း တရုတ်အာဏာပိုင်တွေက ကင်ပွန်းတပ်ခဲ့သလို အဲဒီ ဖြစ်ရပ်နဲ့ဆိုင်တဲ့ အဆုံးသတ် အဖြေဟာ အဲဒီကတည်းက ထွက်ခဲ့ပြီးဖြစ်ကြောင်း အကြိမ်ကြိမ် ချေပ ပြောဆိုခဲ့ပါတယ်။

သမ္မတ ရှီကျင့်ပင်အနေနဲ့ ဇွန်လ ၄ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ အဲဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးကို ပြန်လည် ဆန်းစစ်ပေးဖို့အတွက် Tiananmen Mothers - တီယံနင်မင်ရဲ့ မိခင်များဆိုတဲ့ အဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြပြီး သူတို့အပေါ် အနှောက်အယှက် ပေးမှုတွေလည်း ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။

XS
SM
MD
LG