သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time မဂ္ဂဇင်း အသိအမှတ်ပြုစာရင်းထဲ မြန်မာအမျိုးသမီးသုံးဦးပါဝင်


 ဒေါက်တာမီမီအောင်၊ အက်စတာဇေနော၊ မအိသဉ္ဇာမောင် (Credit: Facebook via Time)
ဒေါက်တာမီမီအောင်၊ အက်စတာဇေနော၊ မအိသဉ္ဇာမောင် (Credit: Facebook via Time)

(Zawgyi/Unicode)

Time မဂ္ဂဇင်းက နှစ်စဉ် ရွေးချယ်ဖော်ပြတဲ့ ကမ္ဘာမှ ာ ဩဇာသက်ရောက်မှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာ မြန်မာအမျိုးသမီး သုံး ယောက် အသိအမှတ်ပြု ရွေးချယ်ခံခဲ့ရပါတယ်။ အင်္ဂါဂြိုလ်ပေါ် ပျံသန်းနိုင်တဲ့ စူးစမ်းရေးရဟတ်ယာဉ်ငယ်ကို တီထွင်ခဲ့သူ မြန်မာအင်ဂျင်နီယာတဦးနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့တိုင်းရင်းသူအမျိုးသမီး နှစ်ဦးတို့ဖြစ်ကြပါတယ်။ အထူးသဖြင့် တိုင်းရင်းသူ အမျိုးသမီးငယ်တွေလည်းဖြစ်၊ နိုင်ငံရေးပဋိပက္ခတွေကြားထဲ အာဏာရှင်ဆန့်ကျင်ရာမှာ ဦးဆောင်ခဲ့သူတို့ကို ခုလိုအသိအမှတ်ပြု ရွေးချယ်လိုက်တဲ့အပေါ် နိုင်ငံတွင်းက အမျိုးသမီးအလွှာစုံရဲ့ အမြင်တွေက ဘယ်လိုရှိနေပါသလဲ။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို အလိမ္မာက ပြောပြပါမယ်။

ကမ္ဘာကျော် Time မဂ္ဂဇင်းက ကမ္ဘာမှာ ဦးဆောင်နိုင်သူ၊ ဆန်းသစ်တီထွင်သူ၊ ရှေ့ဆောင်သူ စတဲ့ကဏ္ဍစုံမှာ သြဇာသက်ရောက်မှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းကို နှစ်စဉ် ထုတ်ပြန်ပါတယ်။ အခု ၂၀၂၁ ခုနှစ်အတွက် စာရင်းထဲမှာ မြန်မာအမျိုးသမီး သုံးဦးကို အသိအမှတ်ပြု ရွေးချယ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနွယ်ဖွား အာကာသသိပ္ပံပညာရှင် ဒေါက်တာမီမီအောင်နဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ကချင်တိုင်းရင်းသူ အက်စတာဇေနော၊ ကရင်တိုင်းရင်းသူ မအိသဉ္ဇာမောင်တို့ကို ရွေးချယ်ခဲ့တာပါ။ အင်္ဂါဂြိုလ်ပေါ် ပျံသန်းနိုင်ခဲ့တဲ့ စူးစမ်းရေးရဟတ်ယာဉ်ငယ်လေးကို ဦးဆောင်တီထွင်ခဲ့တဲ့အတွက် ဒေါက်တာမီမီအောင်ကို စူးစမ်းတီထွင်နိုင်သူကဏ္ဍမှာ သြဇာအလွှမ်းနိုင်ဆုံးသူတဦးအဖြစ် ထည့်သွင်းခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ အက်စတာဇေနောနဲ့ မအိသဉ္ဇာမောင်တို့ကိုတော့ ဦးဆောင်သူကဏ္ဍမှာ ထည့်သွင်း အသိအမှတ်ပြုထားပါတယ်။ သူတို့ ၂ ဦး အခုလိုရွေးချယ်ခံရတဲ့အပေါ် အက်စတာဇေနောက မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို နိုင်ငံတကာက စိတ်ဝင်စားပြီး ဖော်ပြတယ်လို့ မှတ်ယူတဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

လက်ရှိမှာ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုဝန်ကြီး မအိသဉ္ဇာမောင်ကလည်း ဒီလိုအသိမှတ်ပြုခံရတာဟာ မြန်မာ့အရေးကို ကမ္ဘာက အသိအမှတ်ပြု လေးစားတဲ့သဘောဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
သူတို့ကို အခုလို ရွေးချယ်တဲ့အပေါ် တိုင်းရင်းသား အသိုင်းအဝိုင်းကလည်း ဂုဏ်ယူနေကြပါတယ်။ သူတို့ကို အသိအမှတ်ပြုရာရောက်သလို တဘက်မှာလည်း လူငယ်တွေကို နိုင်ငံ့အရေးမှာ ထဲထဲဝင်ဝင်ပါဝင်ဖို့နဲ့ တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ လူငယ်တွေကိုလည်း အသိအမှတ်ပြုရာရောက်တယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ လွေးပိုးငယ်က ပြောပါတယ်။

"ဒီလိုမျိုး အမျိုးသမီးလည်းဖြစ်၊ လူငယ်လည်းဖြစ်တဲ့ အတွက်ကြောင့်မို့ နွေဦးတော်လှန်ရေးရဲ့ ကျဆုံးသွားတဲ့ အာဇာနည်တွေကလည်းပဲ လူငယ်အများစုဖြစ်တယ်။ အမျိုးသမီးတွေလည်း ရှိခဲ့တယ်ပေါ့နော်။ ကျမတို့ မြန်မာနိုင်ငံမှာက အမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ လက်နက်ကိုင်တော်လှန်ရေးပဲ ပြောပြော၊ လူထုဆန့်ကျင်ရေးမှာပဲ ပြောပြော ပါဝင်ခဲ့ကြတယ် ဆိုပေမယ့်လည်း အသိအမှတ်ပြုမှုက အရမ်းကိုအားနည်းခဲ့တယ်ပေါ့နော်။ အခုကျတော့ အဲလိုမျိုး တစုံတရာ သူတို့ကိုအသိအမှတ်ပြုမှု အစကတည်းက လုပ်သင့်တာပေါ့နော်။ ဒါပေမယ့် အခုနောက်မှာမှ အသိအမှတ်ပြုခြင်း ခံခဲ့ရတယ် ဆိုပေမယ့်လည်းပဲပေါ့နော် ဒါသည် အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတာဖြစ်တယ်။ ကျမတို့ အနာဂတ်မြန်မာနိုင်ငံရဲ့ Gender Equality အတွက် လမ်းစတွေလည်း ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအတွက်လည်း အလုပ်ပိုပြီးတော့မှ လုပ်လာမယ်လို့လည်း မျှော်လင့်ပါတယ်လို့။"

လွေးပိုးငယ်ကိုယ်တိုင်ကလည်း EU ဥရောပသမဂ္ဂကပေးတဲ့ Schuman ဆုကို ၂၀၂၀ ပြည့်နှစ်က ရရှိထားသူဖြစ်ပါတယ်။
အက်စတာဇေနောနဲ့ မအိသဉ္ဇာမောင်တို့ဟာ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့က လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ရှေ့တန်းက ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။ မန္တလေးက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေသူ တဦးကလည်း အခုလိုလူငယ်တွေ အသိအမှတ်ပြုခံရတဲ့အပေါ် ဂုဏ်ယူဝမ်းသာနေပါတယ်။

"ဦးဆောင်တယ်ဆိုတာလည်း ဒီထောက်ခံတဲ့သူ ပြည်သူလူထုအင်အား ရှိလို့ပေါ့နော်။ ဒါလည်း အခု ရှေ့ဆုံးကနေထွက်ခဲ့တဲ့ သူတွေထဲကနေပြီးမှ ကမ္ဘာကနေ အသိအမှတ်ပြုတယ်ဆိုတော့ ကိုယ့်နိုင်ငံက လူငယ်တွေလည်းဖြစ်တယ်၊ အမျိုးသမီးတွေလည်းဖြစ်တယ် ဆိုတော့ ဂုဏ်ယူတယ်၊ ဝမ်းသာတယ်ပေါ့နော်။ အဲတော့ ဦးဆောင်တဲ့သူကတော့ အဓိက ပြည်သူအင်အားရှိလို့ ဖြစ်တယ်။ ပြည်သူထောက်ခံမှုကြောင့်သာ ဒီလိုမျိုး ကမ္ဘာက ရှုမြင်ပေးတယ်လို့ပဲ မြင်ပါတယ်။"

အာဏာသိမ်းကာလ ၇ လကျော် ကြာလာချိန်အထိ ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ဆန္ဒပြနေတဲ့အထဲ အများစုက လူငယ်တွေဖြစ်ပါတယ်။ ရန်ကုန်မြို့ခံ လူငယ်တဦးကလည်း တော်လှန်ရေးကာလ တလျှောက်လုံးမှာပါဝင်ခဲ့တဲ့ တခြားအမျိုးသမီးတွေကိုလည်း မေ့လျော့လို့မဖြစ်ဘူးလို့ ပြောပါတယ်။

"ရန်ကုန်မှာဆိုရင် သပိတ်ပွဲတွေရဲ့ အစက အလုပ်သမားတွေရဲ့ သပိတ်ကနေစတာ ဖြစ်တော့ အဲဒီ အလုပ်သမားပြည်သူတွေ အကုန်လုံးပါလာအောင်လို့ ဆွဲခေါ်ပေးခဲ့တဲ့ အစ်မတွေကိုလည်း တန်းတူဂုဏ်ပြုခံသင့်တယ်လို့ မြင်တယ်ပေါ့နော်။ ဒီတော်လှန်ရေး တလျှောက်လုံးမှာ ပါဝင်ဦးဆောင်ခဲ့တဲ့ တခြားအမျိုးသမီးတွေလည်း ရှိနေသေးတာကို မေ့လျော့လို့မဖြစ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေကကျတော့ ကိုယ်တိုင်ကဦးဆောင်ပြီးတော့ အလုပ်သမားသပိတ်တို့ ဘာတို့အထိပါ စခဲ့တယ်။ ဒါပေမယ့် ဒီစာရင်းထဲမှာမပါတော့ နည်းနည်းပဋိပက္ခဖြစ်ရတာ ရှိတယ်ပေါ့နော်။ ဒါပေမယ့် ဒီထဲမှာပါဝင်တဲ့ အမျိုးသမီး၊ အမျိုးသား ကြီးငယ်မရွေး အကုန်လုံးရဲ့ကိုယ်စားပြု ရသွားတယ်လို့ မြင်ပြီးတော့ကို တကယ်ဂုဏ်ယူပါတယ်ရှင်။"

Time မဂ္ဂဇင်းက ရွေးချယ်လိုက်တဲ့ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာမှာ ဩဇာသက်ရောက်မှုအရှိဆုံး ပုဂ္ဂိုလ်အယောက် ၁၀၀ ထဲမှာ အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့လည်း ပါဝင်ပါတယ်။ လက်ရှိမှာ ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အရင်က ၃ ကြိမ် အသိအမှတ်ပြု စာရင်းသွင်းခံခဲ့ရဖူးပါတယ်။ ၂၀၀၄ ခုနှစ် ၊ ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တို့က ကမ္ဘာမှာ သြဇာအလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်တဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။

......................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)











XS
SM
MD
LG