ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေပြီး တနင်္ဂနွေနေ့က စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး တိုက်ခိုက်ခဲ့တယ်လို့ TNLA က စွပ်စွဲလိုက်ပါတယ်။ တိုက်ပွဲအတွင်းမှာ ရဲဘော် ၁၀ ဦးခန့် အဆိပ်ငွေ့သင့်ခဲ့ရာမှာ မူးဝေအော့အန်တာ၊ မောပန်းတာ၊ အောက်စီဂျင်ကျတာတွေ ဖြစ်ခဲ့တယ်လို့ TNLA ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီလလယ်က တွေ့ဆုံဆွေးနွေးခဲ့ပြီး မအောင်မမြင်ဖြစ်ခဲ့တဲ့နောက် နောင်ချိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေတာပါ။ တနင်္ဂနွေနေ့ကဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဗွီအိုအေကို ပြောပါတယ်။
“မနေ့ကတော့ ဒီ နောင်ချို-တောင်ရှည်နဲ့ မန်မော်ကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီက အဆိပ်ငွေ့ဗုံး သုံးပြီးတော့မှ တိုက်ခိုက်တာမျိုးတွေ တွေ့ရပါတယ်။ မနေ့က ပစ်တဲ့ပုံစံက လက်နက်ကြီးကနေတဆင့် ပစ်တာဖြစ်ပါတယ်။”
ဒီပစ်ခတ်မှုမှာ တပ်သား ၁၀ ဦး လောက် အဆိပ်ငွေ့သင့်ပြီး ၄ ဦးက ပြင်းထန်ကြောင်း ဆက်ပြောပါတယ်။
“ကျမတို့ တပ်သားတွေက အဆိပ်ငွေ့ဗုံး ကြဲခံရပြီးတဲ့ နောက်ပိုင်းမှာဆို အသက်ရှုမြန်ဆန်တာ၊ ပြီးတော့ မူးဝေတာ၊ မအီမသာဖြစ်တာပေါ့နော် စတဲ့ စိတ်လှုပ်ရှားမြန်တာ၊ ပြီးတော့ အောက်စီဂျင်တွေ ကျတာမျိုး စတဲ့လက္ခဏာကို တွေ့နေရပါတယ်။ အဆိပ်ငွေ့ဗုံး တိုက်ခိုက်မှုမှာ ၁၀ ဦး ထိပြီးတော့ ပေါ့နော် ၄ ဦးကတော့ ပြင်းထန်ပါတယ်။ လက်ရှိကတော့ သူတို့ ဆေးကုသမှု ခံယူနေပါတယ်။”
တနင်္ဂနွေနေ့က ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီက အဆိပ်ငွေ့ဗုံး တိုက်ခိုက်တဲ့သတင်းနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက် မရသေးသလို စစ်ကောင်စီဘက်က ငြင်းဆိုတာလည်း မတွေ့ရသေးပါဘူး။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့သုံး တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ခဲ့သလို ၂၀၂၄ ခုနှစ် ဇူလိုင်လနဲ့ အောက်တိုဘာက နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေမှာလည်း စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး သုံးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားတဲ့ နမ့်ခမ်းမြို့ စခန်းသစ်ကုန်း တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ရာမှာတော့ စစ်ကောင်စီဘက်က ငြင်းဆိုခဲ့ဖူးပါတယ်။
Forum