(Zawgyi / Unicode)
လားရှိုးမြို့အပေါ် ဒီကနေ့မနက်မှာ လက်နက်ကြီးကျည် ၆ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့လို့ လူနေအိမ်နဲ့ ဒေသခံတချို့ ထိခိုက်မှုရှိခဲ့ပါတယ်။ တအာင်းပလောင်အဖွဲ့ကနေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာလို့ တပ်မတော် ပြောခွင့်ရသူတွေက ပြောဆိုခဲ့တာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ် စနေနေ့မနက် ၁၀ နာရီကျော်ကျော်အချိန်မှာ လက်နက်ကိုင်အဖွဲ့တခုက ရှော့တိုက်ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့လို့ လေဆိပ်အပါအဝင် လူနေအိမ်တချို့နဲ့ အမျိုးသမီးတဦး ဒဏ်ရာရခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“၁၀ နာရီ ၂၀ မှာ လားရှိုးမှာ ကျနော်တို့ လားရှိုးရဲ့အနောက်ဘက် ဗြုံးတောင်ကနေ ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးနဲ့ ကျနော်တို့ကို ပစ်ပါတယ်။ TNLA အဖွဲ့လို့ပဲ သိရပါတယ်။ ကျနော်တို့ ၆ လုံးကျပါတယ်။ ၆ လုံးကတော့ လားရှိုးရပ်ကွက်ထဲ ၄ လုံးကျပါတယ်။ ၂ လုံးကတော့ လေဆိပ်အနီးဝန်းကျင်ရယ်၊ လေဆိပ်နဲ့ တလမ်းကျော်မှာပါပဲ။ နယ်မြေခံတပ်ရင်းတခု ရှိပါတယ်။ မဲဒီအနောက်ဘက်မှာ ၂ လုံးကျပါတယ်။ ရပ်ကွက်ထဲက လူနေအိမ်တွေတချို့ရယ်၊ ကားတစီးရယ်၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိပါတယ်။ အဲပစ်ခဲ့တဲ့ တောင်ကုန်းပေါ်မှာပဲ နောက်ထပ် မကွဲဘဲ မထွက်ဘဲ ကျန်နေခဲ့တဲ့ ရှော့တိုက်ဒုံးသီးနှစ်လုံး ထပ်တွေ့ရတယ်။”
လားရှိုးမြို့အနောက်ဘက် မီတာ ၁၅၀၀ အကွာရှိ ဗြုံးတောင်ဆိုတဲ့ နေရာကနေ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်ရာမှာ ၄ လုံးကွဲပြီး ၂ လုံးမှာ မကွဲကြောင်း၊ ၂ လုံးမှာ နယ်မြေခံတပ်ရင်းအနောက်ဘက်ကို ကျရောက်ခဲ့ကြောင်း တပ်မတော်ဘက်က ပြောပါတယ်။
နိုဝင်ဘာလ ၁၃၊ ၁၄ ရက်နေ့တွေမှာ ပြည်ထောင်စုလမ်းမကြီးပေါ် လုံခြုံရေးယူနေတဲ့ တပ်မတော်စစ်ကြောင်းတွေကို TNLA အဖွဲ့က ချောင်းမြောင်းပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တပ်မတော်ဘက်က တအာင်းပလာင် TNLA အဖွဲ့က ပစ်ခတ်တာလို့ ပြောဆိုနေသလို TNLA ဘက်ကို ဆက်သွယ်ခဲ့ရာမှာ အဆက်သွယ် မရရှိခဲ့ပါဘူး။
လားရှိုးလူငယ်ကူညီရေးအဖွဲ့က ကိုစိုင်းဟန်ကတော့ လားရှိုးမြို့အတွင်း ပစ်ခတ်မှုဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပစ်ခတ်တာဖြစ်ကြောင်း ပြောပါတယ်။
“ကျနော်တို့ ဒီ လားရှိုးတဝိုက်မှာ မရှိပါဘူး တိုက်ပွဲ။ ဒီနေရာကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်လဲဆိုတာ ဘယ်သူလဲ မပြောတတ်ဘူးနော်။ တော်သေးတာပေါ့ဗျာ လူမထိတာကို။ အားလုံးသာကွဲမယ်ဆိုရင်တော့ ဘယ်တွေးဝံ့စရာ ကောင်းမလဲနော။”
အခုလို လာရှိုးမြို့ တိုက်ခိုက်ခံရတဲ့အတွက် မြို့နေလူထုက လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
လာရှိုးမြို့သူ မချိုက “စိတ်ထဲမှာ မလုံခြုံသလိုဘဲ ခံစားရတာပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ တဖြည်းဖြည်းနဲ့လေ ဟိုး ကွတ်ခိုင်ဘက်ကနေ ဒီဘက်ကို တဖြည်းဖြည်းနဲ့ နီးလာတဲ့အခါကျတော့ အမ ကြောက်လည်းကြောက်တယ်။ အပြင်လည်း မထွက်ရဲဘူး။ သိပ်ပြီး ခါတိုင်းလို မသွားမလာရဲဘူးပေါ့နော အဲလိုမျိုး ဖြစ်နေတယ်” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA တအာင်းပလောင်အဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်ကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကနေ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
----------------------------------
(Unicode)
လားရှိုး လကျနကျကွီးကြ ပေါကျကှဲမှုဖွဈ