သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လုပ် ကိုဗစ်ကာကွယ်ဆေးကို လက်ခံထိုးနှံကြဖို့ ကျွမ်းကျင်သူတွေ တိုက်တွန်း


Sinopharm ကိုဗစ် ကာကွယ်ဆေး
Sinopharm ကိုဗစ် ကာကွယ်ဆေး

[ Zawgyi ]

ကာကွယ်ဆေး ထိုးမယ့်သူတွေရဲ့ စာရင်းကို စစ်အုပ်ချုပ်ရေးကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒေသအလိုက် စုဆောင်း၊ ကောက်ယူနေပါတယ်။ သေဆုံးနှုန်းများလာတဲ့ မြန်မာနိုင်ငံမှာ အဓိကကြုံနေရတဲ့ စိန်ခေါ်မှုကတော့ လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကိုပဲ ထိုးနှံမှာလား၊ ဒါမှမဟုတ်ရင် တခြား ‌ရွေးချယ်စရာ ရှိလားဆိုတဲ့ကိစ္စပါ။ ကျန်းမာရေးပညာရှင်တွေကတော့ ကာကွယ်ဆေး ထိုးနှံခြင်းကပဲ ကိုဗစ်ရောဂါကို တားဆီးနိုင်လိမ့်မယ်လို့ အကြံပြုကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်း အပြည့်အစုံကို ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။

မြန်မာနိုင်ငံဆိုင်ရာ တရုပ်သံရုံးရဲ့အဆိုအရ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၃ သန်းရောက်ရှိလာတယ်လို့ သိရပါတယ်။ Sinopharm အလုံးရေ ၂ သန်းနဲ့ Sinovac က ၁ သန်း ဖြစ်ပါတယ်။ ဦးစားပေး ထိုးနှံပေးမယ့် အုပ်စု ၁၃ စုထဲက ဒီကာကွယ်ဆေးတွေကို ထိုးနှံဖို့ ဆန္ဒရှိတဲ့သူစာရင်းကိုလည်း ကျန်းမာရေးဌာနဘက်က ဒေသအလိုက် ကောက်ယူနေတာပါ။

ဒီလို ကောက်ယူတာမှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ထိုးမယ်၊ မထိုးဘူးဆိုတဲ့ ကွာဟချက်ကလည်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေအတွက် အဓိက ထည့်သွင်းစဉ်းစားနေရတဲ့ အခြေအနေပါ။ ကမ္ဘာ့နိုင်ငံအလိုက် ကိုဗစ်ကာကွယ်ဆေးရရှိမှု မတူညီတဲ့တွက် အရေးပေါ်အခြေအနေမှာ ဆေးအမြန်ဆုံး ထိုးနှံထားဖို့ပဲ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က လက်တလော အရေးပေါ် သုံးစွဲခွင့်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၁၀ မျိုးထဲမှာ တရုတ်နိုင်ငံထုတ် ဒီဆေး ၂ မျိုးလည်း ပါဝင်နေတာပါ။

ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးကတော့ လက်ရှိ ပြည်တွင်းကိုရောက်လာတဲ့ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးဟာ စိတ်ချရတဲ့ ကာကွယ်ဆေးဖြစ်ကြောင်း MRTV ရဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

“ Sinopharm ရော Sinovac ရောဟာ တကယ်ကို အာနိသင်ကောင်းမွန်တဲ့ ကာကွယ်ဆေးတွေ ဖြစ်ပါတယ်။ ဒီနှစ်ခုလုံးက WHO ကနေ သူ့ရဲ့စံသတ်မှတ်ချက်တွေ အကုန်လုံးနဲ့ ကိုက်ညီပြီးတော့ သူတို့ရဲ့ သုတေသနပြုချက် အမျိုးမျိုးကနေ ဒါဟာ တကယ်ထိရောက်တယ်၊ ကောင်းမွန်တယ်၊ စိတ်ချရတယ်ဆိုတာကို သက်သေခံနိုင်တဲ့ အတွက်ကြောင့်သာ ကျမတို့ ဒါ ပြည်တွင်းက ပြည်သူတွေကို ထိုးနှံပေးတာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်ကာကွယ်ဆေး အကောင်းဆုံးလဲ၊ လက်ရှိ ထိုးနှံခွင့်ရတဲ့ ကာကွယ်ဆေးသည် အကောင်းဆုံး ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ရရှိမယ်ဆိုရင် ကာကွယ်ဆေးတွေ အလျင်အမြန် ထိုးပေးပါ၊ ဒီလို ထိုးပေးခြင်းဟာ မိမိကိုယ်တိုင်အတွက်ရော မိမိ မိသားစုတွေ အတွက်ရော ကောင်းကျိုးတွေ ဖြစ်သွားမှာ ဖြစ်ပါတယ်။”

တရုတ် ကာကွယ်ဆေးထဲက Sinopharm ကို WHO က ၂၀၂၁ မေလထဲမှာ အရေးပေါ် သုံးစွဲခွင့် ပေးခဲ့တာပါ။ Sinovac ကိုတော့ နောက်တလအကြာ ဇွန်လမှာ ခွင့်ပြုပေးလိုက်တာပါ။ Sinopharm ရဲ့ ဘေးထွက်ဆိုးကျိုးက တခြားကာကွယ်ဆေးတွေနဲ့ မကွာခြားဘဲ ၂ ရက်အတွင်း သက်သာနိုင်ကြောင်း ဆေးဝါးပညာရှင်တွေက ပြောပါတယ်။ ဒီဆေးကို နိုင်ငံပေါင်း ၈၀ ကျော်မှာ အသုံးပြုနေကြပြီး ရောဂါကာကွယ်နိုင်မှုကတော့ ၇၉.၃ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ Sinovac ရဲ့ ရောဂါကာကွယ်နိုင်နှုန်းကတော့ နိုင်ငံအလိုက် ကွာခြားနိုင်ပြီး ပျမ်းမျှအားဖြင့်တော့ ၅၀.၇ ရာခိုင်နှုန်း ရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသကြီး ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့မှာ တာဝန်ယူခဲ့တဲ့ ဒေါက်တာစောဝင်းကတော့ အရေးပေါ်ခွင့်ပြုထားတဲ့ မည်သည့် ကာကွယ်ဆေးမဆို ထိုးနှံခြင်းက အကောင်းဆုံးဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ ကာကွယ်ဆေးတွေမှာပေါ့နော် တခုနဲ့တခု ကွာခြားချက်ကတော့ ရှိတာပေါ့နော်။ သို့သော်လည်း သေချာတာ တခုကတော့ ကာကွယ်ဆေး ထိုးထားတာက မထိုးထားတာထက် ပိုကောင်းပါတယ်။ ကာကွယ်ဆေး ထိုးထားရင် ရောဂါကာကွယ်မှုလည်းရှိတယ်။ တကယ်လို့ ကာကွယ်မှုမရှိလို့ ဖြစ်ခဲ့တောင်မှ ဆေးရုံတက်ရတဲ့နှုန်း၊ သေပျောက်တဲ့နှုန်း နည်းပါတယ်။ အဲဒီတော့ ကျနော့်အမြင်တော့ ထိုးတာက မထိုးတာထက် အများကြီး အကျိုးရှိပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာန စာရင်းအရဆိုရင် မြန်မာနိုင်ငံမှာ ကာကွယ်ဆေး ထိုးပြီးသူက ၁.၇ သန်းရှိပြီး ၁၈ နှစ် အထက်ကစပြီး ကာကွယ်ဆေး ထိုးပေးမှာဖြစ်လို့ လူဦးရေ ၃၈.၃ သန်းမှာ ၄ ရာခိုင်နှုန်းပဲ ဆေးထိုးနှံရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခု ကျန်းမာရေးဌာနက တရုတ်ကာကွယ်ဆေး ထိုးနှံမယ့်သူတွေကို ဒေသအလိုက် အုပ်ချုပ်ရေးမှုးတွေကတဆင့် ပရဟိအဖွဲ့တွေအကူအညီနဲ့ စာရင်းကောက်ယူနေပါတယ်။ ဒီအထဲမှာ သေဆုံးနှုန်းများနေဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်လည်း ပါဝင်တာပါ။ ကလေးမြို့နယ် ကာယကံမေတ္တာအသင်း လူမှုကူညီရေးအသင်းက ဦးဝင်းမြင့်ကလည်း သူ့အမြင်ကို ပြောပြပါတယ်။

“ ဒီအချိန်ကတော့လေ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေး ဆိုတာတော့ WHO က သတ်မှတ်ထားတဲ့ဟာ ပေါ့နော်၊ ခွင့်ပြုချက် ရထားတဲ့ဆေး ဆိုရင်တော့ ထိုးသင့်ပါတယ်ဗျ။ ကျနော်တို့ ကြားရတာကတော့ Covidshield လည်းဖြစ်မယ်၊ လာမယ်ပေါ့နော် အိန္ဒိယက။ နောက် Sinovac တရုတ်ဆေးလည်း ထိုးမယ်ဆို ထိုးသင့်ပါတယ်ဗျ။”

မြန်မာပြည်မှာ ကိုဗစ်ကူးစက်မှု စတင်ကတည်းက ပရဟိတဆောင်ရွက်ပေးနေတဲ့ ဦးချစ်ကတော့ သူ့အနေနဲ့ ဆေးထိုးဖို့ ဆန္ဒမရှိသေးကြောင်း ပြောပါတယ်။

" ကျနော်က ဟိုအရင်ကတည်းက ထိုးခွင့်ရပေမယ့် မထိုးခဲ့ဘူး။ ကိုယ့်ဟာကို အတတ်နိုင်ဆုံးတော့ Safe ဖြစ်အောင်နေတယ်။ မထိုးချင်တာ ကျနော့်စိတ်ကိုကလေ။ အရင်ကတည်းက လိုအပ်တဲ့ သူတွေအတွက်ပဲပေါ့နော်။ ကျနော်တို့ကျတော့ နည်းနည်း လှုပ်ရှားသွားလာနိုင်တော့ တကယ့်လိုအပ်တဲ့သူတွေကိုပဲ ထိုးပေးစေချင်တဲ့ ဆန္ဒလည်း ပါတယ်ဗျ။"

ဒီရက်ပိုင်းထဲမှာ နေပြည်တော်နဲ့ မန္တလေးမှာ ဒုတိယအကြိမ် ဆေးထိုးမယ့်သူတွေအတွက် ဆေးထိုးပေးနေပြီး အသက် ၆၅ နှစ်အထက်တွေကို စုရပ်တချို့မှာ ထိုးနှံပေးနေကြောင်း ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ၂၀၁၄ သန်းခေါင်းစာရင်းအရဆိုရင် အသက် ၆၅ နှစ်အထက်က မြန်မာနိုင်ငံမှာ ၂.၈ သန်းရှိပါတယ်။ ကျန်တဲ့ ဦးစားပေးအဆင့် ထိုးနှံပေးရမယ့်သူတွေကို အုပ်စု ၁၃ ခုခွဲပြီး ၊ ထိုးနှံပေးဖို့ ကျန်းမာရေးဌာနက ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဦးစားပေးအုပ်စုထဲမှာ ပါတဲ့သူတွေထဲက ရန်ကုန်အင်းစိန်ထောင်က အကျဉ်းသား ၆၀၀ ကျော်ကိုလည် ဒီနေ့ဇူလိုင် ၂၈ ရက်မနက်ပိုင်းမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အိန္ဒိယထုတ်ကာကွယ်ဆေး Covidshield ကို အရင်ကထိုးနှံထားတဲ့ သူတွေကတော့ Covidshield ကိုပဲ ဒုတိယအကြိမ် ထိုးနှံရမှာပါ။ အိန္ဒိယက ကာကွယ်ဆေးလည်း ထပ်ပြီးရောက်လာမှာဖြစ်တဲ့အတွက် လာမယ့် ဩဂုတ်အထိဆိုရင် မြန်မာပြည်က ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း ၆ သန်းရရှိမှာဖြစ်ပါတယ်။

မြန်မာပြည်တွင်းက တိုင်းရင်းသားဒေတွေ အထူးသဖြင့် UWSA ‘o’ ဒေသမှာတော့ တရုတ်အကူအညီနဲ့ Sinovac ဆေးကို ဒေသခံ အားလုံးနီးပါး ထိုးထားကြပါတယ်။ ကိုးကန့်တပ်ဖွဲ့ကလည်း သူတို့လှုပ်ရှား နယ်မြေတွေမှာ တရုတ်ထုတ် ကာကွယ်ဆေးတမျိုးကို ထိုးနှံထားပြီး ဆေးအမျိုးအစားကိုတော့ မသိရှိရကြောင်း ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေ သတင်းဌာနက ရေးသားထားပါတယ်။ အလားတူပဲ မိုင်းလားတပ်ဖွဲ့နယ်မြေတွေမှာလည်း တရုတ်ကာကွယ်ဆေးကို ထိုးနှံထားတယ်လို့ ဒေသသတင်းဌာနတွေက ရေးသားထားပါတယ်။ ကချင်တပ်မတော် KIA က လူဦးရေ ၃ သိန်းစာ၊ ရှမ်းတပ်ဖွဲ့ SSPP/SSA က လူ ၅ သိန်းစာနဲ့ ကျန်တဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ အသီးသီးကလည်း တရုတ်ကာကွယ်ဆေးကို ထိုးနှံဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

မည်သည့် ကိုဗစ်ကာကွယ်ဆေးမဆို ရောဂါကို ရာနှုန်းပြည့် မကာကွယ်နိုင်တဲ့အတွက် ဆေးထိုးပြီးရင်တောင်မှ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ဆက်ပြီးလိုက်နာကြဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

[ Unicode ]



















XS
SM
MD
LG