သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအပေါ် ကန် ဗြိတိန် ကနေဒါ ဒဏ်ခတ်မှု ကုလအထူးကိုယ်စားလှယ်ကြိုဆို


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်က စပြီး အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေအပေါ် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှု အသစ်တွေ တိုးမြှင့် ချထားလိုက်တာ အထူးသဖြင့် အမေရိကန်အစိုးရက စစ်အုပ်ချုပ်ရေးကောင်စီ SAC ကိုပါ ပစ်မှတ်ထား အရေးယူလိုက်တာ အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ကြိုဆိုလိုက်ပါတယ်။

စစ်အာဏာပိုင်တွေက မြန်မာပြည်သူတွေ အပေါ် ဖိနှိပ်မှုတွေ တိုးမြှင့် လာချိန်မျိုးမှာ နိုင်ငံတကာ အသိုင်းဝိုင်းကနေ စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ အရေးယူမှုတွေ တိုးချထားဖို့ သိပ်ကို အရေးကြီးကြောင်းလည်း မစ္စတာ Andrews က မေလ ၂၀ ကြာသပတေးနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကောင်စီ SAC ကို ထည့်သွင်းအရေးယူတာဟာ အရေးအပါဆုံး ခြေလှမ်းတွေထဲက တခု ဖြစ်ပြီး ဒါဟာ မြန်မာပြည်သူတွေ အပေါ်ဖိနှိပ်နေတဲ့ စစ်တပ် အတွက် ငွေရလမ်းတွေကို ပိတ်ပင်နိုင်တဲ့ လုပ်ရပ်တခု ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှုကနေ စစ်အုပ်ချုပ်ရေး ကောင်စီ SAC အတွက် ရံပုံငွေချထားပေးတာ၊ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှု ပေးတာတွေ မလုပ်ဖို့ ပိတ်ပင်လိုက်တာ ကြောင့် SAC အတွက် အထိနာစေတဲ့ အပြင် အမေရိကန်ဘဏ် အပါအဝင် ငွေကြေးဌာန တွေနဲ့ ငွေလွှဲပြောင်းခွင့်တွေပါ ဆုံးရှုံးရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခုလို အမေရိကန်နဲ့ အတူ ဗြိတိန်နဲ့ ကနေဒါကပါ နောက်ထပ် အရေးယူမှုတွေ ချမှတ်လိုက်တာဟာ မြန်မာပြည်သူတွေ ကို ထိခိုက်စေတဲ့စစ်တပ်အတွက် ပိုအထိနာစေတာ ဖြစ်ပေမယ့် စစ်ခေါင်းဆောင်တွေ ရဲ့ ငွေရလမ်း နောက်တခု ဖြစ်တဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့က ရတဲ့ ဝင်ငွေလမ်း တွေကို ပိတ်ဖို့ ကျန်နေသေးတယ် လို့လည်း သတိပေးပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်အပေါ် အရေးမယူသေးတဲ့ နိုင်ငံတွေ အနေနဲ့လည်း စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းတာနဲ့ သူ့ရဲ့စံနစ်တကျ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ အတွက် ဒဏ်ခတ်ဖို့ စဉ်းစားသင့်ကြောင်းနဲ့ အခုအချိန်ဟာ စစ်တပ်ကို ဝိုင်းဝန်း အရေးယူရမယ့် အချိန် ဖြစ်ကြောင်းလည်း ကုလလူ့အခွင့်ရေးကိုယ်စားလှယ် Tom Andrews က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)







XS
SM
MD
LG