သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီး အာရှအရှေ့မြောက်ခရီးစဉ်စတင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken (ဝဲ)။ (မတ် ၁၁၊ ၂၀၂၁)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken (ဝဲ)။ (မတ် ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲ Lloyd Austin တို့ဟာ- ပစိဖိတ်တဘက်ကမ်း မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံခေါင်းဆောင်တွေနဲ့ ဒီသီတင်းပတ်ထဲ တွေ့ဆုံဖို့ရှိနေပါတယ်။

သမ္မတဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရအဖွဲ့ရဲ့ ပထမဦးဆုံးပင်လယ်ရပ်ခြားခရီးစဉ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Austin တို့ဟာ ဒီကနေ့ တနင်းလာနေ့မှာ ဂျပန်နိုင်ငံကို ရောက်ရှိပါမယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ဟာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမီဆူ မိုတဲဂီနဲ့ ကာကွယ်ရေးဝန်ကြီး နိုဘိုအို ကီရှီတို့နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံပြီး တောင်ကိုရီးယားကို ဗုဒ္ဓဟူးနေ့မှာ ခရီးဆက်မှာဖြစ်ပါတယ်။

သူတို့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အတွင် အခုလို ဂျပန်နဲ့ တောင်ကိုရီးယားတို့ကို ပထမဆုံးသွားရောက်တာဟာ အာရှ အရှေ့မြောက်ပိုင်းဒေသတွေအပေါ် အမေရိကန်သမ္မတရဲ့ လုံခြုံရေးရတက်မအေးမှုကို ထင်ဟပ်နေတာဖြစ်ကြောင်း လေ့လာသုံးသပ်သူတချို့ကပြောကြပါတယ်။

ကမ္ဘာ့စီးပွါးရေးအဖွံ့ဖြိုးဆုံး အမေရိကန်နဲ့ တရုတ်တို့ကြားမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က ကုန်သွယ်ရေးစစ်ပွဲရဲ့ တစိတ်တဒေသအနေနဲ့ ဆက်ဆံရေးဟာ အတော်လေး မပြေမလည်ဖြစ်ခဲ့ကြရသလို တရုတ်လွှမ်းမိုးတဲ့ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေလည်း ရှိနေခဲ့တာပါ။

သမ္မတဂျိုးဘိုင်ဒန်က သူအာဏာရယူပြီး ၂ လ မပြည့်ခင်မှာ တရုတ်အပေါ်ထားခဲ့တဲ့ ထရမ့်ရဲ့ ဖိအားတွေကို အလျင်စလို မရုပ်သိမ်းခဲ့ဘဲ သွင်းကုန်ခွန်စည်းကမ်းတွေကို ဆက်လက်ထားရှိတာ၊ ထိုင်ဝမ်ဒီမိုကရက်အစိုးရကို ထောက်ခံကြောင်း ပြောဆိုတာနဲ့ သမ္မတရှီကျင့်ဖျင်ရဲ့ ဟောင်ကောင်နဲ့ ရှင်ဂျဲန်းဒေသတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ပြစ်တင်ရှုတ်ချတာတွေကို လုပ်ခဲ့ပါတယ်။

ဒီလို ပြောဆိုလုပ်ဆောင်မှုတွေရှိပေမဲ့လည်း အမေရိကန်ဟာ တရုတ်နဲ့ ဆွေးနွေးရေးအတွက်လည်း အမြဲလမ်းဖွင့်ပေးထားကြောင်း ပြသနေဆဲဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့ဟာ ဒီသီတင်းပတ်နှောင်းပိုင်းမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ၊ နိုင်ငံခြားရေးဗဟိုကော်မရှင် ညွှန်ကြားရေးမှူး Yang Jiechi တို့နဲ့လည်း အလက်စကားပြည်နယ်၊ Anchorage မြို့မှာတွေ့ဆုံကြဖို့ရှိပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ဂျပန်နဲ့ တောင်ကိုရီးယားခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်ဖြစ်လာရေး အဖြေရှာကြဖို့ကလည်း ဘုံရည်မှန်းချက်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG