သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Total နဲ့ Chevron ကုမ္ပဏီတွေ ထွက်မယ့် အစီအစဉ်ကြောင့် မြန်မာအပေါ် ရိုက်ခတ်နိုင်ခြေ


ပြင်သစ် Total ရေနံကုမ္ပဏီဌာနချုပ်။ (ဓာတ်ပုံ - ERIC PIERMONT / AFP)
ပြင်သစ် Total ရေနံကုမ္ပဏီဌာနချုပ်။ (ဓာတ်ပုံ - ERIC PIERMONT / AFP)

(Zawgyi / Unicode)

နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ အမေရိကန်အခြေစိုက် Chevron နဲ့ ပြင်သစ်အခြေစိုက် Total တို့ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ကြေညာလိုက်တာကြောင့် နောက်ဆက်တွဲ မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေ ကြီးမားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ စစ်အာဏာသိမ်းခဲ့တာ တနှစ်နီးပါး ရှိလာချိန်မှာပဲ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံက ထွက်ခွာလာနေတာကြောင့် စစ်ကောင်စီအတွက် ရေရှည် ထိခိုက်လာနိုင်တယ်လို့လည်း အကဲခတ်တချို့က သုံးသပ်နေကြတာပါ။

ကမ္ဘာ့ထိပ်တန်း စွမ်းအင်လုပ်ငန်းကြီးတွေ မြန်မာနိုင်ငံက ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ဘာတွေ ရှိလာနိုင်ပါသလဲ၊ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စွမ်းအင်လုပ်ငန်း ကျွမ်းကျင်သူတဦးကို ကိုဝင်းမင်းက မေးမြန်းရာမှာ အခုလိုရှင်းပြပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွေ ၄ ခုအနက်က အကြီးဆုံး စီမံကိန်းတခုဖြစ်တဲ့ ရတနာစီမံကိန်းရဲ့ လုပ်ငန်းဆောင်ရွက်တဲ့ Operator ဖြစ်တဲ့ TOTAL ရေနံကုမ္ပဏီကနေပြီးတော့ သူကြေညာထားတဲ့အလားတူ အဲဒီစီမံကိန်းမှာ Partner ပါဝင်တဲ့ အမေရိကန် ရေနံကုမ္ပဏီကြီး Chevron ကုမ္ပဏီကြီးကလည်း အတူတကွ ထွက်ခွာမယ်ဆိုပြီး ကြေညာခဲ့တယ်။ ဒါတွေကို ကြည့်တဲ့အခါကြတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းချီ ဝင်နေတဲ့ လုပ်ငန်းကြီးတခုကနေပြီးတော့ ထွက်ခွာဖို့ ဆုံးဖြတ်တယ် ဆိုတာကတော့ တော်တော် စွန့်စွန့်စားစား ဆုံးဖြတ်လိုက်ရတဲ့ ဆုံးဖြတ်ချက်လို့ ယူဆပါတယ်။”

ကိုဝင်းမင်း - ဘာကြောင့် အခုလို စွန့်စားရတယ်လို့ သုံးသပ်မိလဲ။

စွမ်းအင်လုပ်ငန်းကျွမ်းကျင်သူ - “အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ကောင်စီက အင်အား အလွန်အကျွံ သုံးပြီးတော့ မြို့ရွာတွေ မီးရှို့တာတွေ၊ လေယာဉ်နဲ့ မြို့ရွာတွေပေါ်မှာ ပစ်ခတ်မှုတွေဟာ အင်မတန်မှ ဆိုးရွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီအခါမှာ တရားဥပဒေ စိုးမိုးရေး အတော်ကို လျော့ရဲပြီးတော့ ထိန်းသိမ်းနိုင်ခြင်းမရှိတဲ့ အနေအထား ဖြစ်လာတဲ့အပေါ်မှာ ဒီ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ အနေနဲ့ အထူး စိုးရိမ်သောကရောက်ပြီး သူတို့ရဲ့လုပ်ငန်းတွေ ထိခိုက်မှာကိုလည်း ပူပန်တဲ့အနေအထား ရှိတယ်။ အဓိကတော့ နိုင်ငံတကာ စာမျက်နှာပေါ်မှာ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီအနေနဲ့ ရပ်တည်လိုက်နိုင်တဲ့ အနေအထားကို အမြတ်ရရှိတာပေါ့။”

ကိုဝင်းမင်း - အဲဒီတော့ ဘယ်လိုသက်ရောက်မှုတွေ ဆက်ဖြစ်လာနိုင်မယ်လို့ သုံးသပ်ထားမိလဲ။

စွမ်းအင်လုပ်ငန်းကျွမ်းကျင်သူ - “သက်ရောက်မှုကတော့ စစ်ကောင်စီဘက်ကတော့ လောလောဆယ် ဓာတ်ငွေ့ရောင်းချမှုက ရရှိတဲ့ ဝင်ငွေတွေ အပြည့်အဝ မရရှိသေးဘူးပေါ့။ TOTAL ရေနံကုမ္ပဏီက ဓာတ်ငွေ့ရောင်းချမှုအပေါ်က ရရှိတဲ့ ဝင်ငွေတွေအနက်က ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခတို့နဲ့ ဆိုင်တဲ့ဘက်အခြမ်း ဝင်ငွေတချို့ကို စစ်ကောင်စီကို လွှဲပြောင်းပေးအပ်ခြင်း မပြုသေးဘူးလို့ သိရတယ်။ အခြားတဖက်မှာတော့ ဓာတ်ငွေ့ရောင်းချတဲ့ဘက်က ဝင်ငွေတွေ၊ အခွန်တွေကိုတော့ စစ်ကောင်စီဘက်က ဆက်လက်ရရှိနေသေးတဲ့ အနေအထား ရှိတယ်။ ဒီအခု လတ်တလော အခြေအနေအရတော့ ကုမ္ပဏီက မြန်မာပြည်က စွန့်ခွာ ထွက်သွားမယ် ဆိုပေမယ့်လည်း သဘာဝဓာတ်ငွေ့ ရောင်းချမှုကတော့ ရပ်ဆိုင်းသွားမယ့် အနေအထား မဟုတ်ဘူး။ စာချုပ်ပါအတိုင်း ကျန်ရှိခဲ့တဲ့ Partner ထဲက တဦးဦးကနေပြီးတော့ Operator ကို တာဝန်ယူ ဆောင်ရွက်နိုင်မယ့် အနေအထားမျိုး၊ သို့မဟုတ်လည်း စိတ်ဝင်စားတဲ့ တခြား ရေနံကုမ္ပဏီတွေကနေပြီးတော့ ဝင်ရောက်လုပ်ကိုင်လာနိုင်တာမျိုး အနေအထား ရှိပါတယ်။”

ကိုဝင်းမင်း - ဒီအပေါ် အခု စစ်ကောင်စီဘက်ကရော တရားပြန်စွဲနိုင်တာမျိုး ရှိနေလား။

စွမ်းအင်လုပ်ငန်းကျွမ်းကျင်သူ - “ဒီ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ လုပ်ငန်းစာချုပ်အရ Operator လုပ်တဲ့လူက Operator အလုပ်က စွန့်လွှတ်မယ်ဆိုရင် စာချုပ်ပါအတိုင်း တလကြိုတင် Notice ပေးရမယ်ပေါ့။ ၆ လအတွင်း လုပ်ငန်းကို လွှဲပြောင်းရမယ် ဆိုတဲ့ဟာ ပါတယ်။ အဲဒီသတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်တဲ့အတွက် မြန်မာအစိုးရဘက်ကတော့ TOTAL Energy ထွက်ခွာမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုလို့ မရဘူး။ TOTAL ကုမ္ပဏီက မြန်မာပြည်အတွက် ပေးရန်ရှိတဲ့ အခွန်အခတွေကို ပေးဆောင်ပြီးရင်တော့ သူ့ကို ထွက်ခွာခွင့်ပေးရမှာ ဖြစ်ပါတယ်။”

ကိုဝင်းမင်း - နောက် ရေရှည်သက်ရောက်မှုအတွက် ဆိုရင်ရော ဘယ်လိုသုံးသပ်ထားမိလဲ။

စွမ်းအင်လုပ်ငန်းကျွမ်းကျင်သူ - “ရတနာ ကမ်းလွန်ဓာတ်ငွေ့သိုက်ကလည်း သူ့ရဲ့စာချုပ်က နှစ် ၃၀ စာချုပ် ဖြစ်တဲ့အခါကြတော့ ၁၉၉၈ ကနေ စတင်ထုတ်လုပ်လာတဲ့ အနေအထားကလည်း လာမယ့် ၅ နှစ်ဆိုရင် စာချုပ်သက်တမ်း ပြည့်မယ့်အချိန်၊ သဘာဝဓာတ်ငွေ့သိုက်ကလည်း လျော့ကျလာတဲ့ အနေအထားပေါ့။ ဒီအနေအထားမှာ နောက် ၅ နှစ်အတွင်းမှာမှ နောက်ထပ် သဘာဝဓာတ်ငွေ့သိုက် အသစ်တွေ မတွေ့ရှိရင် ဒီစီမံကိန်းကလည်း ရပ်ဆိုင်းရမယ့် အနေအထားမှာ TOTAL ရေနံကုမ္ပဏီ အနေနဲ့ သိက္ခာရှိစွာ လက်တွဲဖြုတ်ပြီးတော့ နောက် ပြည်သူလူထု လိုလားတဲ့ အစိုးရ ပေါ်ပေါက်လာတဲ့ အချိန်မှာမှ ပြန်လည်ပြီးတော့ ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုးကို ယုံကြည်ရတယ်။ လတ်တလော အခြေအနေအရ စစ်ကောင်စီဟာ တိုင်းပြည်ကို တနှစ်နီးပါး ကာလအထိ ထိန်းသိမ်းနိုင်ခြင်း မရှိသေးဘူး၊ ပိုမိုပေါ်လွင်လာတဲ့သဘော ရှိတဲ့အခါကြတော့ နောင် ပေါ်ပေါက်လာမယ့် ကုမ္ပဏီတွေက မြန်မာနိုင်ငံ စစ်အစိုးရနဲ့ လက်တွဲဆောင်ရွက်ဖို့် အလားအလာ တဖြည်းဖြည်းနဲ့ လျော့လျော့လာပြီးတော့ စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှုတွေက ပိုမိုပြီးတော့ တင်းကျပ်လာနိုင်တဲ့ အလားအလာ တွေ့ရှိနေရပါတယ်။”

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)













XS
SM
MD
LG