သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ ကန် လူကုန်ကူးမှုအစီရင်ခံစာ အဆိုးဆုံးစာရင်း မြန်မာပါဝင် 


၂၀၁၉ ကန် လူကုန်ကူးမှုအစီရင်ခံစာ
၂၀၁၉ ကန် လူကုန်ကူးမှုအစီရင်ခံစာ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၉ နိုင်ငံတကာ လူကုန်ကူးမှုအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ Tier 3 လူကုန်ကူးမှု အဆိုးဆုံး နိုင်ငံစာရင်းထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ မြန်မာအစိုးရအနေနဲ့ အနိမ့်ဆုံးလုပ်ဆောင်သင့်တဲ့ စံနှုန်းစံထားတွေ မပြည့်တဲ့အပြင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး တိုးတက်လာအောင် သိသာထင်ရှားတဲ့ ကြိုးပမ်းမှုတွေလည်း မရှိခဲ့ဘူးလို့ အဲဒီ အစီရင်ခံစာမှာဖော်ပြပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ မြန်မာအစိုးရအနေနနဲ့ ထင်ရှားတဲ့ ကြိုးပမ်းမှုတွေမတွေ့ပေမယ့်လို့လည်း လူကုန်ကူးသူတွေကို အရေးယူတာတွေနဲ့ လူကုန်ကူးမှု ကာကွယ်ရေးအစီအစဉ်တွေကိုတော့ ဆက်ပြီး ဆောင်ရွက် နေတာတွေ ရှိတယ်လို့တော့ ဖော်ပြပါတယ်။ ဒါပေမယ့်လည်း လိင်ပိုင်းဆိုင်ရာ လူကုန်ကူးမှုတွေအပါအဝင် အခြားလူကုန်ကူးမှုတွေမှာ အစိုးရနဲ့ တပ်မတော်အရာရှိတချို့ သွယ်ဝိုက်ပြီး ပါဝင်ပတ်သက်တာတချို့ရှိတာကြောင့် လူကုန်ကူးသူတွေကို အရေးယူတဲ့ နေရာမှာလည်း အဟန့်အတားတွေဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။

နယ်စပ်ဒေသက စစ်ပွဲတွေကြောင့် ရိုဟင်ဂျာအပါအဝင် အခြားလူနည်းစု တိုင်းရင်းသားတွေ အများအပြား ဒုက္ခသည်ဖြစ်နေပြီး၊ သူတို့ဟာ လူကုန်ကူးခံရမယ့် အန္တရာယ်တွေ ရင်ဆိုင်နေရတယ် လို့လည်း အစီရင်ခံစာက ထောက်ပြပါတယ်။ မြန်မာစစ်တပ်အနေနဲ့လည်း ကလေးစစ်သား စုဆောင်းမှုတွေ ဆက်ရှိနေသလို၊ စစ်ပွဲတွေအတွက် အရပ်သားတွေကို အတင်းအဓမ္မခေါ်ယူလုပ်အားပေးခိုင်းတာမျိုးလည်းရှိနေတယ်လို့ ထောက်ပြပါတယ်။ တနှစ်တခါ ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာလူကုန်ကူးမှုအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ မနှစ် ၂၀၁၈ ခုနှစ်ကစလို့ Tier 3 အဆိုးဆုံးနိုင်ငံစာရင်းမှာ ဖော်ပြခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG