ကမ္ဘာတဝှမ်း အဂတိလိုက်စားမှုတွေကို စုံစမ်းအကဲဖြတ်တဲ့ Transparency International အဖွဲ့ကြီးရဲ့ ၂၀၂၄ ခုနှစ် အကျင့်ပျက်ခြစားမှုအညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၆၈ မှာရှိနေပါတယ်။
နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အထဲ မြန်မာက ၁၆၈ နေရာကိုရောက်နေတဲ့အပြင် အရှေ့တောင်အာရှမှာ လာဘ်စားမှုအဆိုးဆုံးနိုင်ငံအဖြစ်လည်း Transparency International ကဖော်ပြပါတယ်။
အစိုးရရုံးတွေရဲ့ လာဘ်စားမှုအခြေအနေ၊ ကျွမ်းကျင်သူတွေနဲ့ စီးပွားရေးအသိုင်းအဝိုင်းရဲ့ သုံးသပ်ချက်၊ ကမ္ဘာဘဏ်နဲ့ကမ္ဘာ့စီးပွားရေးဖိုရမ်တွေက အချက်အလက်တွေနဲ့ ဘက်စုံအကြောင်းအရာတွေကို အခြေခံပြီး ဂျာမနီအခြေစိုက် Transparency International အဖွဲ့က အမှတ်ပေး အဆင့်ခွဲလေ့ ရှိပါတယ်။ အဂတိလိုက်စားမှု အကင်းရှင်းဆုံးကို အမှတ် ၁၀၀ ပေးရာမှာ မြန်မာနိုင်ငံက ၁၆ မှတ်ရရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က အမှတ် ၂၀ နဲ့ အဆင့် ၁၆၂ မှာ ရှိခဲ့တာပါ။
ကမ္ဘာပေါ်မှာ အကျင့်ပျက် လာဘ်စားမှုအကင်းရှင်းဆုံးနိုင်ငံတွေထဲမှာ ဒိန်းမတ်နိုင်ငံက အမှတ် ၉၀ နဲ့ နံပတ်တစ် ဖြစ်ပြီး ဖင်လန်နိုင်ငံက ၈၈ မှတ်နဲ့ ဒုတိယ၊ စင်္ကာပူနိုင်ငံက ၈၄ မှတ်နဲ့ တတိယအဆင့်မှာ သတ်မှတ်ခံရပါတယ်။ နယူးဇီလန်၊ လူဇင်ဘတ်၊ နော်ဝေ၊ ဆွတ်ဇာလန် နိုင်ငံတွေကတော့ ၈၁ မှတ်ဆီ ရရှိပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ၃၄ မှတ်နဲ့ အဆင့် ၁၀၇ မှာ ရှိပါတယ်။
Transparency International ဟာ ကမ္ဘာဝန်း အဂတိလိုက်စားမှုကို အားပေးရာရောက်တဲ့စနစ်တွေနဲ့ ကွန်ရက်တွေကို စောင့်ကြည့်ဖော်ထုတ်ပြီး အပြောင်းအလဲတွေဖြစ်အောင် ကြိုးပမ်းနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံထက် ပိုဆိုးတဲ့နိုင်ငံတွေစာရင်းမှာ မြောက်ကိုရီးယား၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား၊ ဆိုမာလီယာနဲ့ တောင်ဆူဒန် နိုင်ငံတွေ ပါဝင်ပါတယ်။
Forum