သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသွားပိတ်ပင်မိန့်အယူခံ ကြားနာမည့်တရားရုံးချုပ်ဆုံးဖြတ်ချက် မြန်မာဒုက္ခသည်တွေ ရှေ့ရေးစိုးရိမ်


ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များ
ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များ

မွတ်ဆလင် အများစုနေထိုင်တဲ့ နိုင်ငံ ၆ နိုင်ငံကလူတွေအပေါ် ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်ကြေညာချက်ကို အမေရိကန် နိုင်ငံတော် တရားရုံးချုပ်က လက်ခံ ကြားနာမှာဖြစ်ကြောင်း တနင်္လာနေ့မှာ ပြောကြားလိုက်ပြီး အဲဒီ ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ အမိန့်ကြေညာချက်ထဲက အများစုကို စတင် ကျင့်သုံးခွင့် ပြုလိုက်ပါတယ်။ တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန်မှာ လာရောက် အခြေချ နေထိုင်ကြမယ့် ဒုက္ခသည်တွေကိုပါ ယာယီ ပိတ်ပင်လိုက်တာကြောင့် မြန်မာဒုက္ခသည်တွေအပေါ်လည်း သက်ရောက်မှု ရှိနိုင်တယ်လို့ ဒုက္ခသည်တွေအရေး ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်ချက်လို့ ယေဘုယျအားဖြင့် ခေါ်ဆိုကြတဲ့ သမ္မတ Donald Trump ရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ မူလ အမိန့်ကြေညာချက်ကို အယူခံတရားရုံးက ပယ်ချလိုက်ပြီးတဲ့နောက် ပြင်ဆင် ရေးဆွဲထားတဲ့ အဲဒီ အမိန့်ကြေညာချက်ကိုပါ Hawaii နဲ့ Maryland ပြည်နယ်တို့မှာရှိတဲ့ အယူခံ တရားရုံးတွေက ပယ်ချလိုက်တာကြောင့် ဒီအမှုကို နိုင်ငံတော် တရားရုံးချုပ်က ကြားနာပေးဖို့ သမ္မတ Trump အစိုးရက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ အဲဒီ ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ သမ္မတ Trump ရဲ့ အမှုကို လက်ခံ ကြားနာမှာဖြစ်ကြောင်း နိုင်ငံတော် တရားရုံးချုပ်က ပြောကြားလိုက်ပြီး ကြားကာလမှာတော့ သမ္မတရဲ့ အမိန့်ကြေညာချက်ထဲမှာပါတဲ့ ကန့်သတ်ချက် အများစုကို စတင် ကျင့်သုံးနိုင်ပြီ ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တရားရုံးချုပ်ရဲ့ အမိန့်ကြေညာချက်ထဲမှာတော့ - သမ္မတရဲ့ အမိန့်ကြေညာချက်ဟာ တိုင်းပြည်ကို ပြည်ပကနေ ခြိမ်းချောက်လာမယ့် အန္တရာယ်တွေကို ကာကွယ်ရေးအတွက် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ ပြန်လည် ပြင်ဆင် လုပ်ဆောင်ဖို့ လိုအပ်တဲ့ ပြဌာန်းချက်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူ့အနေနဲ့ ဒီကိစ္စကို ဆုံးခန်းတိုင်အထိ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က အိမ်ဖြူတော်မှာ နိုင်ငံတဝှမ်းက ခရိုင်ရဲအရာရှိတွေနဲ့ တွေ့ဆုံပွဲအတွင်း သမ္မတ Trump က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ တည်ရှိနေတဲ့ စနစ်အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ။ ဒါဟာ အင်မတန် အရေးကြီးတဲ့ ကိစ္စတခုဖြစ်ပါတယ်။ တိုင်းပြည်အတွက်လည်း အင်မတန် အရေးကြီးပါတယ်။ ကျနော့်အတွက်ပဲဖြစ်ဖြစ်၊ နောက်ပိုင်းမှာ တာဝန်ဆက်ယူမယ့်သူအတွက်ပဲဖြစ်ဖြစ်၊ တိုင်းပြည်အတွက် လုံခြုံမှုရှိဖို့ လိုအပ်ပါတယ်။ လူမျိုးစုံ ရောက်နေတဲ့ ဆီးရီးယား နိုင်ငံကလူတွေကို ခေါ်တဲ့အခါမှာ ဒီလူတွေကို အသေအချာ စိစစ်နိုင်ဖို့ လိုပါတယ်။ ရွေ့ပြောင်း နေထိုင်သူတွေကတဆင့် အမေရိကန်နိုင်ငံထဲကို ထိုးဖောက် ဝင်ရောက်မယ်ဆိုပြီး ISIS အဖွဲ့ကလည်း ပြောထားတယ်မဟုတ်လား။ အဲဒီလို အခြေအနေတွေ ရှိနေတဲ့ကြားက တိုင်းပြည်ထဲ ဝင်လာမယ့်သူတွေကို ကျနော်တို့ တင်းကျပ်ခွင့် မရှိဘူးဆိုတော့၊ အဲဒါကို ဘယ်လို ဖြေရှင်းချက်ပေးမလဲ”

လစ်ဗျား၊ အီရန်၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင် စတဲ့ မွတ်ဆလင် အများစုနေထိုင်တဲ့ နိုင်ငံ ၆ နိုင်ငံက လူတွေကို အားလုံး သိမ်းကျုံးပြီး ဝင်လာခွင့် ပိတ်ပင်တာမျိုးမဟုတ်ပဲ - အဲဒီ တိုင်းပြည် ၆ ခုက လူတွေအနေနဲ့ အမေရိကန်နိုင်ငံသား၊ အဖွဲ့အစည်းတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာကို ပြသနိုင်ရင် အဲဒီလူတွေ ဝင်လာခွင့် ဟန့်တားလို့ မရဘူးဆိုပြီး သမ္မတရဲ့ အမိန့်ကြေညာချက်ကို နိုင်ငံတော် တရားရုံးချုပ်က မသိမသာ ကွဲပြားတဲ့ နည်းနဲ့ ချဉ်းကပ် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

သမ္မတရဲ့ အမိန့်ကြေညာချက်ကို စတင် ကျင့်သုံးခွင့် ပြုလိုက်ပြီ ဖြစ်တဲ့အတွက် အမိန့်ကြေညာချက်မှာပါတဲ့ မွတ်ဆလင် အများစု နေထိုင်တဲ့ ၆ နိုင်ငံကလူတွေ ရက် ၉၀ အတွင်း ဝင်ရောက်ခွင့်နဲ့ ဒုက္ခသည်တွေ ရက်ပေါင်း ၁၂၀ အတွင်း လာရောက် အခြေချ နေထိုင်ခွင့်ဟာလည်း စတင် အသက်ဝင်သွားပြီ ဖြစ်ပါတယ်။

ဒေါက်တာ Ro Dinga ဟာ Indiana ပြည်နယ်၊ Indianapolis မြို့ အခြေစိုက် BACI လို့ခေါ်တဲ့ အမေရိကန်-မြန်မာ လူမှုရေးအသင်းက အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ သူက နိုင်ငံတော် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ပြည်ထောင်စုမှာ လာရောက် အခြေချ နေထိုင်ကြဖို့ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကိုပါ အကျိုးသက်ရောက်မှု ရှိစေနိုင်တယ်လို့ ပြောပါတယ်။

“သမ္မတ Trump ရဲ့ မူရင်း Executive order ပေါ့နော် တချက်လွှတ်အမိန့်ပေါ့နော် ၊ အဲဒီအမိန့်မှာကိုက အများကြီးရေးထားတယ်။ လူတွေက အုတ်အော်သောင်းနင်း ဖြစ်သွားတာကတော့ ဒီမွတ်ဆလင် ၇ နိုင်ငံ၊ နောက်ပိုင်းတော့ ၆ နိုင်ငံပေါ့နော် အဲဒီဟာကို ပိတ်လိုက်တယ်။ Travel ban ကိုလူတွေအများကြီးအာရုံစိုက် အုတ်အော်သောင်းနင်းဖြစ်သွားတယ်။ အောက်မှာဆက်ပြီးတော့ ရေးထားတာကတော့ ဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ရေးနဲ့ ပတ်သက်တယ်။အဲဒီမှာ စကားလုံးတချို့ဆိုရင် အမေရိကန်ပြည်ထောင်စုအကျိုးစီးပွားကို မထိခိုက်မယ့် ၊ အမေရိကန်အစိုးရ ပေါ်လစီနဲ့ ကိုက်ညီတဲ့လူတွေကိုပဲ လက်ခံမယ်ဆိုတာတွေလည်းရေးထားတယ်။ အဲဒါအကုန်လုံးကို Supreme Court ကနေ နည်းနည်းအတည်ပြုသလိုပေါ့နော် အောက်ရုံးကနေ ပိတ်တာကို ပြန်ဖွင့်လိုက်တဲ့သဘောဆိုတော့ အနည်းနဲ့အများကတော့ မြန်မာဒုက္ခသည်တွေ အမေရိကဝင်ရောက်တာကတော့ ထိခိုက်မှုရှိမယ် ၊ သက်ရောက်မှုရှိမယ်လို့ ကျနော်ယုံကြည်တယ်။”

သူတို့ရဲ့ BACI အဖွဲ့အနေနဲ့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေထံ စာရေးပြီး မြန်မာဒုက္ခသည်တွေအရေး တောင်းဆိုမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း ဒေါက်တာ Ro Dinga က ပြောပါတယ်။

“ကျနော်တို့ ဒါရိုက်တာ Elaisa Vahnie ကမလေးရှားကို ၂ ပတ်သွားနေမှာပေါ့နော် ။ အဲဒီမှာ မြန်မာပြည် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ကွင်းဆင်းလေ့လာပြီးတော့ Report တွေကျနော်တို့ရေးမယ် BACI ကနေ။ နောက် ၂၀၁၇-၂၀၁၈ အမေရိကန် ဘဏ္ဍာရေးနှစ်ပေါ့နော် ဒီနှစ်အောက်တိုဘာ ၁ ရက်နေ့မှာစမယ် ၂၀၁၈ စက်တင်ဘာလအကုန်အထိ။ အဲဒီမှာ မြန်မာပြည် ဒုက္ခသည်တွေအများဆုံးဝင်ရောက်နိုင်ဖို့ ကျနော်တို့ အမေရိကန်အစိုးရကို တောင်းဆိုမှုတွေ လွှတ်တော်ကနေဆုံးဖြတ်ပေးပြီးတော့ တောင်းဆိုမှုတွေလုပ်ဖို့လည်း ကျနော်တို့လုပ်နေတယ်အခု။ နောက်၂ ပတ်ကျော်ရင် Report တွေကျနော်တို့ရေးမယ်၊ တောင်းဆိုမှုတွေရေးမယ်။ အဲဒါရေးပြီးတဲ့နောက် သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ အမေရိကန်အစိုးရနဲ့ တာဝန်ရှိသူတွေကို ကျနော်တို့ ချဉ်းကပ်ပြီးတော့ တောင်းဆိုမှုတွေလုပ်မယ်လို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။”

သူ့ရဲ့ သမ္မတ အမိန့်ကြေညာချက်ကို ကြားနာဖို့ တနင်္လာနေ့မှာ နိုင်ငံတော် တရားရုံးချုပ်က ဆုံးဖြတ်လိုက်တဲ့အပေါ် သမ္မတ Trump က ကြိုဆိုလိုက်ပြီး - တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အမျိုးသားလုံခြုံရေးအတွက် အောင်မြင်မှုဖြစ်ကြောင်း၊ ဒီဆုံးဖြတ်ချက်ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတဲ့ တိုင်းပြည်ကလူတွေနဲ့ ဒုက္ခသည်တွေ ဝင်ရောက်လာခွင့်တို့ကို တားမြစ်လိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG