သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား သားအမိအတွက် Trump ပြည်ဝင်ခွင့်ကန့်သတ်ချက် ဆိုင်းငံ့ခံရ


အမေရိကန်မှာ ပြန်ဆုံခွင့်ရသွားသည့် ဆီးရီးယား မိသားစုကို နယူးယောက်မြို့ John F. Kennedy လေဆိပ်မှာတွေ့ရ (Feb. 6, 2017)
အမေရိကန်မှာ ပြန်ဆုံခွင့်ရသွားသည့် ဆီးရီးယား မိသားစုကို နယူးယောက်မြို့ John F. Kennedy လေဆိပ်မှာတွေ့ရ (Feb. 6, 2017)

အမေရိကန်သမ္မတ Donald Trump ရဲ့ ပြန်လည်ပြင်ဆင် ထုတ်ပြန်လိုက်တဲ့ ပြည်ဝင်ခွင့် ကန့်သတ်မှု ဥပဒေသစ်ကြောင့်၊ ဆီးရီးယား နိုင်ငံက သားအမိ ၂ ယောက် အမေရိကန် ဝင်ခွင့်မရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး၊ Wisconsin ပြည်နယ်မှာရှိတဲ့ ပြည်ထောင်စုတရားသူကြီး တဦးက သမ္မတရဲ့ အမိန့်ကို ယာယီဆိုင်းငံ့လိုက်ပါတယ်။

မိခင်နဲ့ သမီးဖြစ်သူတို့ ၂ ဦးဟာ ဆီးရီးယားနိုင်ငံက စစ်ဒဏ်သင့် Aleppo မြို့မှာနေထိုင်နေ ကြပြီး၊ ခင်ပွန်းဖြစ်သူ ကတော့ အမေရိကန်မြောက်ပိုင်း Wisconsin ပြည်နယ်မှာ ခိုလှုံခွင့် ရထားတာပါ။ သမ္မတရဲ့ အမိန့်ကို ယာယီဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တဲ့ ပြည်ထောင်စု တရားသူကြီး William Conley ရဲ့ ဆုံးဖြတ်ချက်ကတော့ ဆီးရီးယား သားအမိ ၂ ယောက် အတွက်သာ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ပြင်ဆင်ထုတ်ပြန်လိုက်တဲ့ သမ္မတ Trump ရဲ့ အမိန့်ကတော့ မတ်လ ၁၆ ရက်နေ့မှာ စတင် မှာပါ။ ဒါပေမဲ့လည်း ဆီးရီးယားနိုင်ငံသူ မိခင်ဟာ ပြည်ဝင်ခွင့် ဗီဇာအတွက် လူတွေ့မေးမြန်း စစ်ဆေးခံဖို့ ဂျော်ဒန်နိုင်ငံက အမေရိကန်သံရုံးကို သွားဖို့ စီစဉ်ထားပြီး၊ ဗီဇာလျှောက်တဲ့ လုပ်ငန်းစဉ်ဟာ သမ္မတ အမိန့်စတင် အသက်ဝင်ပြီး နောက်ပိုင်းအထိ ကြာမြင့်နိုင် ပါတယ်။ ပြည်ထောင်စု တရားသူကြီး Conley ကတော့ ခင်ပွန်း ဖြစ်သူဟာ လက်ခံနိုင်လောက် ဖွယ်ရှိတဲ့ အချက်အလက်တွေကို တင်ပြထားပြီး ဖြစ်သလို၊ သူ့မိသားစု ကို ဆီးရီးယားနိုင်ငံ တွင်းမှာပဲ ဆက်နေခိုင်း မယ်ဆိုရင် ပြင်မရတဲ့ ထိခိုက်နစ်နာ မှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ပြောဆို ထားပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာ တုန်းက သမ္မတ Trump က မူဆလင်အများစုနေထိုင်ရာ နိုင်ငံ ၇ နိုင်ငံ ဖြစ်တဲ့ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား နဲ့ ယီမင် နိုင်ငံ သားတွေကို အမေရိကန်ကို ပြည်ဝင်ခွင့် ယာယီတားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဝါရှင်တန်ပြည်နယ်က စတင်ပြီး၊ နိုင်ငံအနှံ့ ပြည်ထောင်စု တရားရုံးတွေက သမ္မတ အမိန့်ကို တားဆီးခဲ့တာပါ။ အသစ်ပြင်ဆင် ထုတ်ပြန်လိုက်တဲ့ အမိန့်မှာတော့ အပြောင်းအလဲ တချို့နဲ့အတူ အီရတ်နိုင်ငံကို စာရင်းကဖယ်ရှားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG