သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Coronavirus ကြောင့် အင်ဒိုခရီးသွားလုပ်ငန်း အခက်ကြုံ


တရုတ်နိုင်ငံက စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ နိုင်ငံပေါင်း ၂ ဒါဇင်ကျော်ကို ကူးစက်နေပေမဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲက လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ အခုထိ ကူးစက်သူရှိတယ်လို့ မကြားရသေးပါဘူး။ ဒါပေမဲ့လည်း ဗိုင်းရပ်စ် အန္တရာယ်ကို စိုးရိမ်မှုတွေကြောင့် ခရီးသွားတွေကြား ရေပန်းစားတဲ့ ဘာလီကျွန်း အပါအဝင် နေရာတော်တော်များမှာ ရိုတ်ခတ်မှုတွေနဲ့ ကြုံနေရပါတယ်။ အကြောင်းစုံကိုတော့ ဗွီအိုအေ သတင်းထောက် Ahadian Utama ပေးပို့တဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားရာက လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းရတာတွေ၊ ရောက်နေပြီးသား ခရီးသွားတွေထဲက နေရပ်မပြန်နိုင်သူတွေလည်း ရှိနေပါတယ်။ ဘာလီကျွန်းမှာ ရောက်နေတဲ့ တရုတ်ခရီးသွား Ma Mi ကတော့ စိတ်ချရတဲ့အချိန်အထိ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်။

“အခြေအနေက စိတ်မချရသေးလို့ မပြန်ချင်သေးပါဘူး။”

ပြီးခဲ့တဲ့ သီတင်းတစ်ပတ်အတွင်း ဘာလီ အပြည်ပြည်ဆိုင်ရာ လေဆိပ်က လူဝင်မှုကြီးကြပ်ရေးဌာန ကနေ ဗီဇာ သက်တမ်းတိုးပေးရသူ တရုတ်ခရီးသွား ၃၀၀ ကျော်အထိရှိပါတယ်။ တရုတ်ခရီးသွား Lua Hailong ကတော့ ပြန်ချင်ပေမဲ့ မပြန်နိုင်တဲ့သူပါ။

“တကယ်တော့ ကျနော်ပြန်ချင်ပါတယ်။ ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေပြီး လေယာဉ်ခရီးစဉ်တွေလည်း ဖျက်ထားရတော့ အိမ်ပြန်လို့လည်း မရပါဘူး။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ တရုတ်ပြည်မကြီးက တိုက်ရိုက်လေယာဉ်တွေ အားလုံးကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစ အင်ဒိုနီးရှားအစိုးရက ရပ်ဆိုင်းထားကြောင်းလည်း အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း ပြောခွင့်ရ Arie Ahsanurrohim ကပြောပါတယ်။

“ဘာလီကျွန်းကနေ တရုတ်ပြည်မကြီးကြား ခရီးစဉ်တွေ အားလုံးကို ဖျက်လိုက်တာတွေ ရှိသလို ရပ်ဆိုင်းလိုက်တာတွေလည်း ရှိပါတယ်။ ရပ်ဆိုင်းထားတဲ့ ခရီးစဉ်ပေါင်းက တပတ်ကို ၂၄၇ ခုရှိပါတယ်။ ဟောင်ကောင်၊ ထိုင်ဝမ်ကျွန်း တိုင်ပေကို ခြွင်းချက်နဲ့ ပြေးဆွဲနေတဲ့ ခရီးစဉ်တချို့တော့ ရှိပါတယ်။”

လေယာဉ်ခရီးစဉ်တွေ ရုတ်တရပ် ရပ်ဆိုင်းလိုက်တဲ့ အတွက် နေရပ်ပြန်ချင်သူ တရုတ်နိုင်ငံသား ၆၁ ယောက်ကို တရုတ်အစိုးရ အစီအစဉ်နဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာပဲ ပြန်ခေါ်ယူခဲ့ပါတယ်။ ဘာလီကျွန်းမှာရော အင်ဒိုနီးရှား တနိုင်ငံလုံးမှာပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မတွေ့ရသေးကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း ဘာလီကျွန်းက ပြန်သွားတဲ့ တရုတ်နိုင်ငံသား တယောက်မှာ ဗိုင်းရပ်စ်ပိုးတွေ့တယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာတဲ့အတွက် စုံစမ်းစစ်ဆေးခဲ့ရကြောင်းလည်း ဘာလီကျွန်း ကျန်းမာရေး အေဂျင်စီက I Wayan Widia ကပြောပါတယ်။

“ရောဂါပျိုးချိန်ရော တရုတ်နိုင်ငံနဲ့ ဘာလီကျွန်းမှာ နေခဲ့တဲ့ အချိန်တွေကိုပါ ခွဲခြားဆန်းစစ် လေ့လာကြည့်တဲ့အခါ ရောဂါပျိုးချိန် ကျော်နေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း လူနာဟာ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးခံရတာ ဖြစ်ဖို့များပါတယ်။ တကယ်လို့ တရုတ်နိုင်ငံမှာ ကူးစက်ပြီး ဘာလီကျွန်း ရောက်လာတယ် ဆိုရင်လည်း အခုလောက်ဆို တယောက်ယောက်ကို ကူးနေလောက်ပါပြီ။”

ဘာလီကျွန်းကိုလာတဲ့ ခရီးသွားတွေထဲမှာ တရုတ်နိုင်ငံသားတွေက ဒုတိယအများဆုံးပါ။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲ ဘာလီကျွန်းကိုလာတဲ့ ခရီးသွား ၆ သန်းကျော်အနက် တရုတ်နိုင်ငံသားက ၁ သန်းကျော်အထိ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လေကြောင်း ခရီးစဉ်တွေ ဆိုင်းငံ့ထားရတဲ့အတွက် ခရီးသွားလုပ်ငန်းမှာ အထိနာမယ်လို့လည်း ခန့်မှန်းထားကြတာပါ။ ပြီးခဲ့တဲ့လထဲမှာတင် တရုတ်ခရီးသွား ၂၀,၀၀၀ ထက်မနည်း ခရီးစဉ်တွေ ဖျက်ခဲ့ကြတယ်လို့လည်း ဘာလီကျွန်း ခရီးသွားလုပ်ငန်း အေဂျင်စီ အကြီးအကဲ I Putu Astawa ကပြောပါတယ်။

“အလည်လာတဲ့သူတွေ နည်းသွားတဲ့အတွက် လေယာဉ်ခရီးစဉ်တွေမှာတော့ သိသိသာသာ ထိခိုက်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ခရီးသွားလုပ်ငန်း အေဂျင်စီတွေ၊ တတိယကတော့ ဧည့်လမ်းညွှန်တွေ၊ ဟိုတယ်တွေ၊ အလည်သွားတဲ့နေရာတွေ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေလို အလည်အပတ်များတဲ့ နေရာတွေမှာပါ ထိခိုက်ကုန်ပါတယ်။”

တာဝန်ရှိသူတွေကတော့ ဒီလိုအခြေအနေမျိုး အရင်ကလည်း ကြုံဖူးတဲ့အတွက် သိပ်မစိုးရိမ်ဖူးလို့ ဆိုကြပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ တုန်းက အသက်ရှုလမ်းကြောင်းဆိုင်ရာ SARS ရောဂါ၊ ၂၀၀၂ ခုနှစ်တုန်းက ဘာလီကျွန်းပေါ်မှာရှိတဲ့ နိုက်ကလပ်တွေ ဗုံးခွဲခံရမှုတွေနဲ့ ၂၀၀၅ ခုနှစ်က အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ခရီးသွားတွေ အလာနည်းခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အခြေအနေတွေ အေးချမ်းသွားတဲ့အခါ ခရီးသွားတွေ ပြန်ရောက်လာလေ့ ရှိတတ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုတွေကနေ ပြန်လည် နာလန်ထူလာမယ်လို့လည်း မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)














XS
SM
MD
LG