သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးဝါး အစားအသောက်အကူအညီတွေ ဂါဇာကမ်းမြောင်ထဲ စတင်ဝင်ရောက်


လူသားချင်းစာနာမှုအကူအညီများ ဂါဇာဒေသတွင်းစတင်ရောက်ရှိ၊ အောက်တိုဘာ ၂၁၊ ၂၀၂၃
လူသားချင်းစာနာမှုအကူအညီများ ဂါဇာဒေသတွင်းစတင်ရောက်ရှိ၊ အောက်တိုဘာ ၂၁၊ ၂၀၂၃

အစားအသောက်၊ ဆေးဝါးနဲ့ သောက်သုံးရေတွေပါတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တင်ဆောင်ထားတဲ့ ကုန်တင်ကားတွေ အီဂျစ်နိုင်ငံဘက်ကနေ Rafah နယ်စပ်ဂိတ်ကိုဖြတ်ပြီး ဂါဇာကမ်းမြောင်ဒေသထဲကို ဒီနေ့ဝင်ရောက်ပို့ဆောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကစလို့ အစ္စရေးနဲ့ Hamas စစ်သွေးကြွတို့ဖြစ်နေကြတဲ့ စစ်ပွဲကြားအကူအညီလိုအပ်နေတဲ့ ပါလက်စတိုင်း ပြည်သူတွေအတွက် အကူအညီအမြန်ဆုံး ပို့ပေးဖို့ကုလမသဂ္ဂ၊ အမေရိကန်အပါအဝင် နိုင်ငံစုံက သံတမန်ရေးအရ ကြိုးပမ်းခဲ့ပြီးနောက် ဒီနေ့မှာတော့ ကုလသမဂ္ဂရဲ့ ထောက်ပံ့ကူညီရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်တင်ကားတွေ ဒီနေ့ ဂါဇာကမ်းမြောင်ဒေသထဲကို ဝင်ရောက်ပို့ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

သဘောတူထားတဲ့အတိုင်း ဒီနေ့အတွက် ကုန်တင်ကား အစီး ၂၀ ဂါဇာကမ်းမြောင်ဒေသထဲကို ဝင်ရောက်ပို့ဆောင်တာဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကိုသွားတဲ့ ကုန်းလမ်း၊ ရေလမ်းအားလုံးကို အစ္စရေးတို့ ပိတ်ဆို့ထားပြီး တိုက်ခိုက်နေတာ သီတင်း ၂ ပတ်ရှိနေပြီမို့ လူဦးရေ ၂.၃ သန်းလောက် ရှိတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးတွေ အလွန်အမင်းလိုအပ်နေပါတယ်။

ဂါဇာကမ်းမြောင်ဒေသတခုလုံးမှာလည်း မီးတွေပျက်နေတာမို့ ဆေးရုံတွေမှာ အရေးပေါ် မီးစက်တွေ သုံးနေရတဲ့အတွက် လောင်စာဆီတွေလဲ ကုန်လုဖြစ်နေပါတယ်။ လူ့အသက်တွေဆက်နိုင်ဖို့ အရေးတကြီးလိုနေတဲ့ ပစ္စည်းတွေကိုပါလက်စတိုင်းလခြမ်းနီအဖွဲ့က ဝေငှပေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

အခုပေးပို့တဲ့ အကူအညီတွေထဲမှာ ဆေးဝါးတွေနဲ့ အစားအသောက် တချို့ပါပေမဲ့ လောင်စာဆီတွေ တော့မပါဘူးလို့ ဂါဇာဒေသကိုထိန်းချုပ်ထားတဲ့ Hamas အဖွဲ့ကပြောပါတယ်။ အခုလိုဂါဇာကမ်း မြောင်ဒေသထဲကို လိုအပ်နေတဲ့ အကူအညီတွေ ပေးပို့နေတဲ့တချိန်ထဲမှာ အစ္စရေးတို့ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက် လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG