အဇာဘိုင်ဂျန်နိုင်ငံ Baku မြို့တော်မှာ သီတင်းနှစ်ပတ်ကြာကျင်းပမယ့် COP29 လို့ ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး ဒီနေ့ တနင်္လာနေ့ စတင်ပါပြီ။ ရာသီဥတု ဖေါက်ပြန်ပြောင်းလဲမှုတွေကြောင့် သဘာဝဘေးတွေ ကျရောက်နေတဲ့ ဒီနေ့ကမ္ဘာဟာ ပျက်စီး သွားတော့မယ့်လမ်းကြောင်းပေါ်ကို ရောက်နေပြီဆိုပြီး ကုလသဂ္ဂရဲ့ COP29 အကြီးအကဲသစ် အဇာဘိုင်ဂျန်နိုင်ငံ ဂေဟစနစ်နဲ့ သဘာဝအရင်းအမြစ် ဝန်ကြီး Mukhtar Babayev က သတိပေးပါတယ်။
"ရာသီဥတု ပြောင်းလဲမှုတွေကို ကျနော်တို ကြုံနေရပြီး ဖြစ်ပါတယ်။ စပိန်နိုင်ငံမှာ ရေလွှမ်းမိုးသွားတဲ့ နေအိမ်တွေကနေ ဩစတြေးလျနိုင်ငံက တောမီးတွေ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေတဲ့ ပစိဖိတ်ဒေသကနေ အရှေ့အာဖရိက လွင်တီးခေါင် ဖုန်းဆိုးမြေတွေအထိ တွေ့နေရပါတယ်။ ခင်ဗျားတို့ မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ လူတွေအတိဒုက္ခ ခံစားနေရတာကို အရိပ်ထိုးနေပါတယ်" Mukhtar Babayev ပြောဆိုသွားတာပါ။
ရာသီဥတု ဖေါက်ပြန်မှုကြောင့် ပေါ်ပေါက်လာတဲ့ သဘာဝဘေးဒဏ် လျော့ပါးသွားဖို့နဲ့ အပူချိန်၊ ရေလွှမ်းမိုးမှု၊ မိုးခေါင်တာတွေနဲ့ မုန်တိုင်းဒဏ်လို သဘာဝဘေးတွေဒဏ်တွေကိုခံနိုင်ဖို့ ဆင်းရဲတဲ့ နိုင်ငံတွေအတွက် ဒေါ်လာ တြီလျံနဲ့ချီ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ရာသီဥတုဖေါက်ပြန်မှုတွေ တိုက်ဖျက်ရေး ရံပုံငွေ ဒေါ်လာ ဘီလျံ ၁၀၀ ထားရှိဖို့ ကမ္ဘာ့နိုင်ငံတွေ တောင်းဆိုနေကြပါတယ်။
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ ဦးစားပေးမယ့်အကြောင်းအရာတွေထဲ- နိုင်ငံတကာ အစိုးရတွေနဲ့အရင်းအမြစ်တွေအပါအ၀င် စီးပွားရေးဆိုင်ရာ စိုးရိမ်မှုတွေ၊ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်၊ အရှေ့အလယ်ပိုင်း ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ ရာသီဥတုပြောင်းလဲမှုကို လျစ်လျူပြုသူလို့ အများကသတ်မှတ်ထားတဲ့ Donald Trump ပြန်ပြီးအရွေးခံရတဲ့ အခြေအနေ စတာတွေ ပါ၀င်ပါတယ်။
အခုလို အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပတဲ့ ညီလာခံမှာ နိုင်ငံပေါင်း ၂၀၀ လောက်က ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။ ကမ္ဘာကြီးဟာ အရင်က မကြုံဖူးတဲ့ အပူဆုံးနှစ်တွေကို ရင်ဆိုင်နေရပြီး စက်မှုခေတ်မတိုင်မီ အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကျော် လာနေတဲ့ကြောင်း သတိပေးချက်တွေ ထွက်လာသလို သဘာဝဘေးတွေ မကြုံစဖူးရင်ဆိုင်နေရချိန်မှာ ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ထိပ်သီးအစည်းအဝေးကြီး ကျင်းပတာဖြစ်ပါတယ်။
Forum