သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် သမ္မတ Trump ဗီယက်နမ်ရောက်ရှိ


U.S President Donald Trump arrives at Noi Bai Airport before a summit with North Korean leader Kim Jong Un, Feb. 26, 2019, in Hanoi.
U.S President Donald Trump arrives at Noi Bai Airport before a summit with North Korean leader Kim Jong Un, Feb. 26, 2019, in Hanoi.

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေးကို ဦးတည်စေမယ့် တိကျတဲ့ လမ်းကြောင်းပေါ် ရောက်လာရေး မျှော်လင့်ချက်နဲ့ ခေါင်းဆောင် Kim Jong Un နဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ အမေရိကန်သမ္မတ Donald Trump ဟာ ဗီယက်နမ် နိုင်ငံကို မကြာသေးခင် အချိန်ပိုင်းအတွင်းကဘဲ ရောက်သွားပြီ ဖြစ်ပါတယ်။

သမ္မတ Trump ကို ဗီယက်နမ် အစိုးရ အရာရှိတွေ၊ ဗီယက်နမ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Daniel Kristenbrink တို့နဲ့အတူ ဝတ်စုံ အဖြူရောင် ဝတ်ဆင်ထားကြတဲ့ ဂုဏ်ပြုတပ်ဖွဲ့တို့က ဟနွိုင်းမြို့ လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ကင်းမဲ့ရေးကိစ္စအပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ၃ ရက်ကြာ ခရီးစဉ်အတွက် သူစီးလာတဲ့ အစိမ်းရောင်ရထား တရုတ်နိုင်ငံကိုဖြတ်ပြီး ဒီကနေ့ အစောပိုင်းက မြို့တော် ဟနွိုင်း ဘူတာကို ဆိုက်ရောက်လာတဲ့ အချိန် ဗီယက်နမ် ဂုဏ်ပြုတပ်ဖွဲ့က ကြိုဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတည်းမယ့် Melia ဟိုတယ် ရှိရာကို ကားနဲ့ ၂ နာရီကြာ သွားခဲ့ပါတယ်။ ဟိုတယ်မှာ နာရီအနည်းငယ် နားနေပြီးတဲ့နောက် Kim Jong Un ဟာ ဟနွိုင်းမြို့မှာရှိတဲ့ မြောက်ကိုရီးယား သံရုံးကို သွားရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ပေးထားတဲ့ ကတိအတိုင်း နျူကလီးယားလက်နက် ဖျက်သိမ်းရေး သဘောတူညီချက် ရနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တနင်္လာနေ့က ဝါရှင်တန် ဒီစီမြို့ကနေ မထွက်ခွာခင် သမ္မတ Trump က ပြောကြားခဲ့ပါတယ်။

နျူကလီးယားလက်နက် ဖျက်သိမ်းရေး သဘောတူညီချက် မရနိုင်ရင်တော့ ဆွေးနွေးပွဲတွေဟာ အရင်ကလိုဘဲ ရေရှည်ခံမှာ မဟုတ်ဘူးလို့ သမ္မတ Trump က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားခဲ့ပါတယ်။ ခေါင်းဆောင် Kim Jong Un အနေနဲ့ အမျှော်အမြင်ရှိစွာ ဆုံးဖြတ်လိမ့်မယ်လို့ သမ္မတ Trump ကြိုတင် ဟောကိန်းထုတ်ခဲ့ပါတယ်။

XS
SM
MD
LG