သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရဲ့အာရှခရီးစဉ် အလားအလာ


အမေရိကန် သမ္မတ Donald Trump 
အမေရိကန် သမ္မတ Donald Trump 

အမေရိကန် သမ္မတ Donald Trump ရဲ့ နိုဝင်ဘာလ ၃ ရက်နေ့စတင်မယ့် ၁၂ ရက်ကြာ အာရှခရီးစဉ်မှာ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ APEC ထိပ်သီးအစည်းဝေး ကျင်းပမယ့် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အာရှဒေသတွင်း အဓိက စစ်ရေးမဟာမိတ် နိုင်ငံတွေအနေနဲ့ အာရှဒေသကို ပထမဆုံးလာရောက်တဲ့ သမ္မတ Trump ကို ဧည့်ခံရာမှာ သတိထား ဆက်ဆံ ကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်းနဲ့ အထူးသဖြင့် မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ၂ နိုင်ငံ သဘောတူညီမှု ဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေး ဆွေးနွေးနိုင်ကြောင်း VOA သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။

အာရှဒေသကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာပဲ မြောက်ကိုရီးယားရဲ့ နျူကလီယား လက်နက်နဲ့ ဒုံးကျည်အစီစဉ်တွေ စွန့်လွှတ်လာအောင် အာဏာရှင် Kim Jong Un ကို နိုင်ငံတကာ ဖိအားတိုးပေးရေး ထောက်ခံမှုတွေ ရဖို့ သမ္မတ Trump ကစီစဉ်ထား ပါတယ်။

အမေရိကန်ပြည်ထောင်စုအထိ ရောက်လာနိုင်တဲ့ ICBM နျူကလီယားလက်နက်တပ် ဒုံးကျည် မြောက်ကိုရီးယား မထုတ်နိုင်အောင် တားဆီးရေးဟာ သမ္မတ Trump အတွက် နိုင်ငံတော်လုံခြုံရေး ထိပ်တန်းဦးစားပေး ဖြစ်လာခဲ့တယ်လို့ Yonsei တက္ကသိုလ်က မြောက်ကိုရီးယား အရေးသုံးသပ်သူ John Delury ကပြောပါတယ်။

“မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး သူဘာလုပ်မယ် ဆိုတာ မျိုးစုံပြောခဲ့ပါတယ်။ တကယ်လို့ ပြောတဲ့အတိုင်း သူမလုပ်ဘူး ဆိုရင် သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေ၊ ကျဆင်းစေတဲ့ အပြင် သူ့ကို အထင်သေးစေမှာ ဖြစ်ပါတယ်။”

Turmp အစိုးရအဖွဲ့ဟာ မြောက်ကိုရီးယားကို ကုန်သွယ်ရေးမှာ ရာနှုန်း ၉၀ နဲ့ ရေနံတင်ပို့မှုမှာ ရာနှုန်း ၃၀ ကျဆင်းစေနိုင်တဲ့ပြင်းထန်တဲ့ စီးပွါးရေးအရေးယူမှု လုပ်ဖို့ နဲ့ တနိုင်ငံချင်းစီ အလိုက် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တရုတ် ရုရှားတို့နဲ့ အတူ လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် Trump ရဲ့ စစ်အင်အား သုံးကောင်း သုံးဖို့ တင်ပြချက်နဲ့ တကယ်လု့ိ မြောက်ကိုရီးယားက ရန်စလာရင် လုံးဝခြေမှုန်းပစ်ဖို့ ပြင်းပြင်းထန်ထန် ပြောကြားနေတဲ့ သူ့ရဲ့ ခြိမ်းခြောက်မှုတွေ အတွက် အမေရိကန်ရဲ့ စစ်ရေးမဟာမိတ်တွေ ဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယား တို့ကြား သဘောထား ကွဲပြားနေကြတာပါ။

Sijong သိပ္ပံက David Straub ကတော့ Trump ဟာ သူ့ရဲ့ အရင်းနှီးဆုံး အာရှမိတ်ဆွေ ဖြစ်နိုင်တဲ့ ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ တွေ့ဆုံပြီး golf ကစားကောင်း ကစားနိုင်တယ် လို့ပြောပါတယ်။

“သမ္မတ Trump နဲ့ ဝန်ကြီးချုပ် အာဘေးတို့ဟာ မြောက်ကိုရီးယားကိစ္စ အပါအဝင် ကိစ္စရပ် အတော်များများအတွက် တူညီတဲ့ သဘောထား ရှိကြပါတယ်။”

မြောက်ကိုရီးယားက ဂျပန်ဝေဟင်ကို ဖြတ်ပြီး ဒုံးကျည်စမ်းသပ်မှု ၂ ခု လုပ်ခဲ့တဲ့ နောက်မှာ Abe ရဲ့ ခိုင်မာတဲ့ နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ ရပ်တည်ချက်အတွက် ဂျပန်လူထု ထောက်ခံမှု တိုးလာခဲ့သလို သူ့ရဲ့ ကွန်ဆာဗေးတစ် ညွန့်ပေါင်းအဖွဲ့က လွှတ်တော်ရွေးကောက်ပွဲတွေ စောစော ကျင်းပဖို့လုပ်ဆောင်မှုလဲ အထူး အောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် Trump ရဲ့ အဆုံးစွန်ဖိအားပေမယ့် မူဝါဒအတွက် Abe က ခိုင်ခိုင်မာမာ ထောက်ခံကြောင်း ပြောချိန်မှာတော့ ဂျပန် အရာရှိတွေက ဒါဟာ တရုတ်နဲ့ မြောက်ကိုရီးယားတို့ဆီက လိုက်လျောမှုရလာအောင် သံမန်နည်းသုံးတာသာ ဖြစ်ကြောင်း ညွှန်းဆိုခဲ့ကြပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း ကလည်း သမ္မတ Trump ဆိုလ်းကို လာချိန်မှာ အမေရိကန်ရဲ့ မဟာမိတ်အဖြစ် သူ့နိုင်ငံရဲ့ ကာလတာရှည် ခိုင်မာတဲ့ ရပ်တည်ချက်ကို အထူးပြသဖို့ရှိနေပါတယ်။

ဒါပေမယ့်လည်း ကိုရီးယားကျွန်းဆွယ်အတွင်း ဆိုးဝါးတဲ့ စစ်ဖြစ်လာနိုင်တဲ့ အင်အားသုံးမှု မှန်သမျှကို ဆန့်ကျင်ကြောင်း သဘောထား သိပ်မတင်းမာတဲ့ မွန်ဂျေအင်းက ထုတ်ပြောခဲ့တယ်လို့ Delury ကပြောပါတယ်။

“အခုလို Trump ရဲ့ လာရောက်မှုကနေ တောင်ကိုရီးယားနိုင်ငံသားတွေ မြောက်ကိုရီးယားရဲ့ နျူကလီယား တိုက်ခိုက်မယ့် ခြိမ်းခြောက်မှု အောက်မှာ ဘယ်လိုနေရတယ် ဆိုတာကို သူကိုယ်တိုင် မြင်ခွင့်ရသွားမှာပါ။ အခုချိန်အထိတော့ ဘာမှမဖြစ်သေးပါဘူး။ ”

မြောက်ကိုရီးယားနဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ သမ္မတ Moon အရင်က ကြိုးစားခဲ့တာဟာ အလုပ်မဖြစ်တဲ့ လုပ်ရပ်အဖြစ် သမ္မတ Trump က ပြောကြားခဲ့တာပါ။

အခုအချိန်မှာတော့ ကိုရီးယား ၂ နိုင်ငံ ဆွေးနွေးရေး သာမက တောင်ကိုရီးယားရဲ့ လူသားချင်းစာနာမှု အကူညီကိုတောင် လက်မခံတဲ့ မြောက်ကိုရီးယားက ဒုံးကျည်နဲ့ နျူကလီယား စမ်းသပ်မှုတွေ ဆက်တိုက် လုပ်နေတာမို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကြား မတူညီမှုတွေ သိပ်မပြောကြ တော့ပါဘူး။

သမ္မတ Trump ရဲ့အာရှခရီးစဉ် အလားအလာ
please wait

No media source currently available

0:00 0:03:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG