သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အာရှထိပ်သီးညီလာခံ တက်မယ့်အစီအစဉ် သမ္မတ Trump ပယ်ဖျက်


စီစဉ်ထားတဲ့ အချိန်ထက် နောက်ကျပြီး ကျင်းပခဲ့တဲ့ နိုင်ငံ ၁၈ နိုင်ငံရဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကို အမေရိကန် သမ္မတ တက်ရောက်မယ့် ကိစ္စကို အချိန်ကပ်ပြီး ဖျက်လိုက်ပါတယ်။

ထိပ်သီးညီလာခံကို မတက်တော့ဘဲ သမ္မတ Trump က ဖိလစ်ပိုင်ကနေ ထွက်ခွာဖို့ Air Force One လေယာဉ်ဆီကို ထွက်ခွာခဲ့တာပါ။သမ္မတရဲ့ လေယာဉ်က အရင်စီစဉ်ထားတဲ့ အချိန်ထက် နာရီဝက်စောပြီး ဖိလစ်ပိုင် နိုင်ငံ Ninoy Aquino နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာခဲ့ပါတယ်။ ထိပ်သီး ညီလာခံမှာတော့ သမ္မတ Trump ရဲ့ အစား နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson တက်ရောက်ပါတယ်။

ညီလာခံမှာ ပြောမယ့် မိန့်ခွန်းကိုလည်း အစောပိုင်းမှာ အရှေ့တောင် အာရှနိုင်ငံများ အသင်း ASEAN ခေါင်းဆောင်တွေနဲ့ နေ့လည်စာ စားပွဲအတွင်းမှာ ပြောဆိုခဲ့ကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ရှင်းလင်းပါတယ်။ ဖိလစ်ပိုင်မှာ မူလအစီအစဉ်ထက် တရက်ပိုပြီး နေဖို့ရက်တိုးလိုက်တာရတဲ့ အကြောင်းရင်းက အရေးပါတဲ့ ဒေသတွင်း မဟာဗျူဟာဆိုင်ရာ ဆွေးနွေးပွဲ တခုဖြစ်တဲ့ အရှေ့အာရှညီလာခံကို သမ္မတ Trump တက်ရောက်နိုင်ဖို့ ဖြစ်ပါတယ်။ ၁၂ ရက်ကြာ အာရှ ၅ နိုင်ငံ ခရီးစဉ် အပြီးမှာ အမေရိကန် သမ္မတက မူဝါဒရေးရာ အရေးပါတဲ့ ကြေညာချက်တွေ ထုတ်ခဲ့တာ မရှိပေမယ်လို့ နိုင်ငံအကြီးအကဲတွေနဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တယ်လို့ သမ္မတက ပြောဆိုပြီး သိပ်ကို အောင်မြင်ခဲ့တဲ့ ခရီးစဉ် ဖြစ်တယ်လို့တော့ ကြေညာခဲ့ပါတယ်။

အနည်းဆုံး ဒေါ်လာ ၃၀၀ ဘီလီယံ တန်ဖိုးရှိတဲ့ သဘောတူညီချက်တွေ ရရှိခဲ့ကြောင်း သမ္မတ Trump က ပြောဆိုပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ နိုင်ငံစုံ ပါဝင်တဲ့ ပစိဖိတ် သမုဒ္ဒရာ ရပ်ဝန်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု - TPP လိုမျိုး ကုန်သွယ်ရေး သဘောတူညီချက်တွေကို အမေရိကန် အစိုးရဘက်က လက်မခံဘဲ နှစ်နိုင်ငံချင်း စီးပွားရေး သဘောတူညီချက်တွေကိုသာ လိုလားတယ်ဆိုတာကိုလည်း အခု ခရီးစဉ် အတွင်း သမ္မတ Trump က ထပ်လောင်း ဖော်ပြခဲ့ပါတယ်။ အာရှခရီးစဉ်နဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ ကြေညာချက်ကိုတော့ လာမယ့် ဗုဒ္ဓဟူးနေ့ ၊ ကြာသပတေးနေ့လောက်မှာ ထုတ်ပြန်မယ်လို့လည်း သမ္မတ Trump က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG