အမေရိကန်ပြည်ထောင်စုတောင်ပိုင်းမှာ ခြံစည်းရိုးကာတာကို လေကြောင်းကနေလည်း လုံခြုံရေးယူဆောင်ရွက်နေပြီလို့ ကာကွယ်ရေး ယာယီဝန်ကြီးက ပြောကြားလိုက်ပါတယ်။ နယ်စပ်ခြံစည်းရိုးကာတာအပါအဝင် တောင်ပိုင်းနယ်စပ်လုံခြုံရေးအတွက် တပ်ဖွဲ့ဝင် ၁၅၀၀ ကိုလည်း ပန်တာဂွန်စစ်ဌာနချုပ်က စတင်စေလွှတ်နေပြီဖြစ်ပါတယ်။
တောင်ပိုင်းနယ်စပ်ကို ရောက်ရှိနေပြီးဖြစ်တဲ့ ပြည်တွင်းကာကွယ်ရေးနဲ့ အရန်တပ်ဖွဲ့ဝင် စုစုပေါင်း ၂၅၀၀ နဲ့အတူ စစ်သား ၁၅၀၀ ကပူးပေါင်းပြီး လုံခြုံရေးတာဝန်တွေ ယူကြမှာဖြစ်တယ်လို့ ယာယီကာကွယ်ရေးဝန်ကြီး Robert Salesses ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စေလွှတ်ထားတဲ့ စစ်သားတွေအနေနဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အလုပ်ကို အကူအညီပေးနိုင်ဖို့နဲ့ နယ်စပ်ခြံစည်းရိုးကာတာကို အထောက်အကူပြုနိုင်ဖို့ ရဟတ်ယာဉ်တွေ ပျံသန်းပြီး ဝေဟင်ကနေ ထောက်လှမ်းမှုတွေ လုပ်ပေးနေတယ်လို့ ယာယီကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒါတင်မက San Diego, El Paso နဲ့ Texas တို့မှာ ထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းအခြေချသူ ၅ ထောင်ကျော်ကို အမိမြေလုံခြုံရေးဌာနက နိုင်ငံထဲကနေ နှင်ထုတ်နိုင်ရေးအတွက်လည်း စစ်လေယာဉ်တွေကို အသုံးပြုမှာဖြစ်ပါတယ်။
တောင်ပိုင်းနယ်စပ်မှာ ထောက်လှမ်းကင်းလှည့်ဖို့ အမေရိကန် စစ်တပ်ဒရုန်းတွေကိုလည်း တောင်ပိုင်းကို ပို့ဆောင်ဖို့ အသင့်ပြင်ထားသလို နောက်ထပ်လိုအပ်လာရင် တပ်ဖွဲ့ဝင်တွေကို တောင်ပိုင်းနယ်စပ်ကို ထပ်ပြီး ပို့ဖို့ရှိတယ်လို့ ပန်တာဂွန်စစ်ဌာနချုပ်တာဝန်ရှိသူတွေက ပြောပါတယ်။ မက်ဆီကိုနယ်စပ်ကနေ အမေရိကန်ပြည်ထောင်စုထဲ တရားမဝင် ဝင်ရောက်နေသူတွေကြောင့် သမ္မတ Donald Trump က တောင်ပိုင်းနယ်စပ်ဒေသမှာ အရေးပေါ် အခြေအနေထုတ်ပြန်ခဲ့ပြီးနောက် ခုလို စစ်တပ်က တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။
Forum