သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတရဲ့ ဂျူးမှတ်ချက် ဂျူးအဖွဲ့တွေ တုံ့ပြန်


အမေရိကန်ပြည်ထောင်စုမှာ ဂျူးလူမျိုးတွေဟာ Democrat တွေကို မဲထည့်ကြတဲ့အတွက် အကြီးအကျယ်သစ္စာမဲ့ကြသူတွေဖြစ်တယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့တဲ့အပေါ် ဂျူးအဖွဲ့ခေါင်းဆောင်တွေက ဝေဖန်တုံ့ပြန်ခဲ့ကြပါတယ်။ သူအနိုင်ရခဲ့တဲ့ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲအပါအဝင် အမေရိကန်ရွေးကောက်ပွဲတွေမှာ ဂျူးလူမျိုးတွေဟာ Democrat ပါတီသမ္မတလောင်းတွေကို လှိုက်လှိုက်လှဲလှဲ မဲပေးကြတဲ့ အစဉ်အလာရှိပါတယ်။

Democrat တွေကို မဲထည့်ကြတဲ့ ဂျူးတွေဟာ အသိဉာဏ်လုံးဝ မရှိသူတွေ၊ အကြီးအကျယ်သစ္စာမဲ့သူတွေဖြစ်တယ်လို့ သမ္မတက အင်္ဂါနေ့က တိုက်ခိုက်ပြောသားခဲ့တာပါ။ အဲဒီပြောကြားမှုကို ဗုဒ္ဓဟူးနေ့မှာ ပြန်ရှင်းဖို့ကြိုးစားတာမှာတော့ Democrat ပါတီဝင်တွေကို မဲထည့်တဲ့ ဂျူးတွေဟာ ဂျူးလူမျိုးတွေနဲ့ အစ္စရေးနိုင်ငံကို သစ္စာမဲ့သူတွေဖြစ်တယ်လို့ ဆိုလိုတာလို့ ပြောပါတယ်။ Democrat ပါတီက မွတ်ဆလင် အမတ် Ilhan Omar နဲ့ Rashida Tlaib တို့ ၂ ယောက်ကို သမ္မတ Trump က တိုက်ခိုက်ပြောနေတဲ့ တချိန်ထဲမှာ ဂျူးလူမျိုးတွေကို ဝေဖန်တာပါ။ ဒီအမတ် ၂ ယောက်ဟာ ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ ပြုမူပုံကို ထုတ်ဖော်ဝေဖန်လေ့ရှိသူတွေဖြစ်ပါတယ်။

အစ္စရေးနိုင်ငံအစား ဒီအမတ် ၂ ယောက်ဖက်က ကာကွယ်နေတဲ့ Democrat ပါတီဘာဖြစ်နေပြီလဲလို့လည်း သမ္မတက မေးခွန်းထုတ်ပါတယ်။ သမ္မတရဲ့ ပြောကြားမှုတွေဟာ တုန်လှုပ်စရာကောင်းလောက်အောင် သဘောထားကွဲစေတဲ့ပြောကြားမှုဖြစ်တယ်လို့ American Jewish Committee ကတုံ့ပြန်ပါတယ်။ ဂျူးတွေအပေါ် သမ္မတ Trump တိုက်ခိုက်ပြောကြားတာ အန္တရာယ်ရှိသလို ရှက်စရာကောင်းတယ်လို့ ဝါရှင်တန်အခြေစိုက် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခအဆုံးသတ်ရေး လှုပ်ရှားနေတဲ့ J Street အဖွဲ့ကလည်း ပြောကြားခဲ့ပါတယ်။ ၂၀၂၀ သမ္မတရွေးကောက်ပွဲဝင်ဖို့ ကြိုးစားနေတဲ့ အထက်လွှတ်တော်အမတ် Bernie Sanders ကလည်း သူဟာ ဂျူးလူမျိုးဖြစ်တာ ဂုဏ်ယူတဲ့ဂျူးဖြစ်တယ်၊ Democrat တွေကို မဲပေးတဲ့အပေါ် ဘာမှပြဿနာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG