ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်သမ္မတ Xi Jinping အနေနဲ့ ဆန္ဒပြလူငယ်တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့သင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က တွစ်တာကနေ တိုက်တွန်းခဲ့ပါတယ်။
သမ္မတ ရှီကို သူ ကောင်းကောင်း သိကြောင်း၊ သမ္မတ ရှီဟာ ခေါင်းဆောင်ကောင်းဖြစ်သလို ပြည်သူတွေ လေးစားခံ သူတစ်ဦးဖြစ်ကြောင်း၊ သမ္မတ ရှီအနေနဲ့ ဟောင်ကောင်အရေးကို ကရုဏာတရားထားပြီး ခပ်မြန်မြန် ဖြေရှင်းသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ ဆန္ဒပြသူတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးမယ် ဆိုရင် ဟောင်ကောင်အရေး ပျော်ပျော်ရွှင်ရွှင်နဲ့ အဆုံးသတ်သွားမယ်ဆိုတာ သံသယ မရှိကြောင်း သမ္မတ ထရမ့်က သူ့ရဲ့ တွစ်တာမှာ ရေးသား ခဲ့ပါတယ်။တရုတ် သမ္မတ ရှီဂျင်ပင်း ဟောင်ကောင် သွားဖို့အရေးကိုတော့ တရုတ်အစိုးရဘက်က ပြောကြားထားခြင်း မရှိပါဘူး။
ကြာသပတေးနေ့မှာပဲ ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Liu Xiaoming ကတော့ ဟောင်ကောင်ရဲ့ ပြည်တွင်းရေးကို ဘယ်နိုင်ငံခြား တိုင်းပြည်ကမှ ဝင်ရောက် မစွက်ဖက်သင့်ကြောင်းနဲ့ ဟောင်ကောင် အရေးဆိုးရွားလာရင် တရုတ်နိုင်ငံအနေနဲ့ လက်ပိုက် ကြည်နေ့မှာ မဟုတ်ကြောင်းလည်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဟောင်ကောင်နယ်စပ် တရုတ်နိုင်ငံ ရှင်ဇင်း ပြည်နယ်အတွင်း တရုတ်နိုင်ငံက စစ်ရဲ ရာပေါင်းများစွာ လေ့ကျင့်မှုတွေ လုပ်နေတဲ့ဆိုတဲ့ သတင်း ကို အေပီနဲ့ အေအက်ဖ်ပီ သတင်းတွေက အစီရင်ခံပြီးနောက်ပိုင်း ဟောင်ကောင်ရဲ့ အခြေအနေ ပိုမို ဆိုးရွားမယ့် နိမိတ်လက္ခဏာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဗုဒ္ဒဟူးနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဟောင်ကောင်-တရုတ်နယ်စပ်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း၊ တရုတ်နိုင်ငံ နဲ့ ဟောင်ကောင်က သက်ဆိုင်သူအားလုံး ဟောင်ကောင်သားတွေရဲ့ လွတ်လပ်မှုနဲ့ ကိုယ်ပိုင် အုပ်ချုပ်မှု အခွင့်အရေးကို လေးစား လိုက်နာ ပြီး အဖြေ တစ်ခု ရှာကြဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။