ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြသူတွေနဲ့ တရုတ်နိုင်ငံကြား ပျော့ပြောင်းညင်သာတဲ့ အဖြေတခုရတဲ့ထိ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တခုရဖို့ နှောင့်နှေးနေနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။ ဒါ့အပြင် တရုတ်နဲ့ ဟောင်ကောင်ဆန္ဒပြသူတွေကြား ညှိနှိုင်းတာမှာ သူကိုယ်တိုင်ဝင်ပြီး စေ့စပ်ပေးနိုင်ပါ တယ်လို့တောင်မှ ဆိုပါတယ်။
နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်နေတာ အဆုံးသတ်ရေး စေ့စပ်ဆွေးနွေးနေကြတာမှာ တရုတ်အပေါ် သူ့အစိုးရက အသာစီး ရနေပြီဆိုပြီး သမ္မတထရမ့်ပ်က Twitter မှာ ဗုဒ္ဓဟူးနေ့ကရေးပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သူ့လူထုအပေါ် သိပ်ကိုလေးစားသူဖြစ်ပြီး သမ္မတရှီကသာ ဟောင်ကောင်ပြဿနာကို အမြန်ဆုံးနဲ့ အငြင်သာဆုံး ဖြေရှင်းချင်တယ်ဆိုရင် သူလုပ်နိုင်တယ်ဆိုတာ လုံးဝ သံသယမရှိပါဘူးလို့လည်း ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က Twitter မှာ အဲဒီလိုမရေးခင်ထိကတော့ ဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ သမ္မတထရမ့်ပ်က ဘာမှမပြော ဘဲ ရှောင်နေခဲ့ပုံရပါတယ်။ ဟောင်ကောင်အခြေအနေဟာ သိပ်ကိုခက်ခဲတဲ့ အခြေအနေတခုဖြစ်ပေမယ့် ဖြေရှင်းနိုင်မယ်ဆိုတာက တော့ သေချာပါတယ်လို့ ဒီသီတင်းပတ်အစောပိုင်းက ပြောခဲ့ပါတယ်။
တရုတ်လက်အောက်မှာ လွတ်လပ်မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်မှု အခွင့်အရေးတွေ လျော့ပါးလာနေတယ်လို့ ဟောင်ကောင်ဒေသခံတွေ ကမြင်ပြီး ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။