သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစိုးရ ကို ACLU ပြည်သူ့အခွင့်အရေးသမဂ္ဂ တရားစွဲ 


အမေရိကန်ကို ဝင်ရောက် အခြေချလာတဲ့ မိဘတွေနဲ့ သူတို့ရဲ့ သားသမီးတွေကို တကွဲတပြားစီ ထားဆဲ ရှိကြောင်း စွပ်စွဲချက်နဲ့ သမ္မတ Trump အစိုးရကို ထိပ်တန်း လူ့အခွင့်ရေး အဖွဲ့ တဖွဲ့က တရားစွဲဆို လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နှစ်က ချမှတ်ခဲ့တဲ့ တရားရုံးအမိန့်ကို ဆန့်ကျင်ရာ ရောက်တယ်လို့ ပြောပါတယ်။

ACLU ခေါ် အမေရိကန် ပြည်သူ့အခွင့်ရေးများ သမဂ္ဂ က ကယ်လီဖိုးနီးယား ပြည်နယ် San Diego မြို့ ဗဟိုအစိုးရ တရားသူကြီးထံ အင်္ဂါနေ့က လျှောက်ထား ခဲ့တာ ဖြစ်ပါတယ်။

ACLU ရဲ့ ရှေ့နေဖြစ်တဲ့ Lee Gelernt က သမ္မတ Trump အစိုးရအနေနဲ့ ကလေးငယ်တွေကို မိဘတွေနဲ့ တကွဲတပြားစီ ထားရှိစေတာဟာ အံ့အားသင့် တုန်လှုပ်စရာကောင်း ကြောင်းနဲ့ အခုလို ရက်စက်ပြီး တရားမဝင်တဲ့ မူဝါဒကြောင့် တကွဲတပြားစီ ဖြစ်နေရတဲ့ လူထောင်ပေါင်း များစွာ အပြင် နောက်ထပ် မိသားစု ၉၀၀ ကျော်လည်း ထပ်ပြီးအလားတူ အခြေနေ ရောက်နေကြောင်းလည်း ထောက်ပြပါတယ်။

မိသားစုတွေကို ပြန်လည် စုစည်းပေးဖို့ တရားရုံးရဲ့ အမိန့် ထုတ်ပြန်ပြီးနောက် ၂၀၁၈ ဇွန်လက မိသားစုဝင်တွေကို တကွဲတပြားစီ ပြုလုပ်မှုကို ရပ်တံ့ဖို့ သမ္မတ Trump က အမိန့်ပေးခဲ့ပြီး နောက်ပိုင်း ကလေးပေါင်း တထောင်နီးပါးဟာ သူတို့ မိဘတွေဆီကနေ ခေါ်ယူသွားတာ ခံခဲ့ရကြောင်း ACLU ကပြောပါတယ်။

Trump ကတော့ သူ့ရဲ့ မူဝါဒဟာ မိဘ အနေနဲ့ သားသမီးကို အန္တရာယ် ပြုမှသာ တကွဲတပြားစီ ထားဖို့ ညွှန်ကြားထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နယ်ခြားစောင့် တပ်တွေကတော့ မိဘတွေက မော်တော်ယာဉ် စည်းကမ်းချိုးဖောက်မှုမျိုးလို ရာဇဝတ်မှု အသေးလေးတွေ ကျူးလွန် ကြရင် အခြေချ ပြောင်းရွှေ့သူတွေရဲ့ကလေးတွေကို သူတို့ရဲ့ မိဘတွေထံကနေ ခေါ်ယူသွားတာ ခံရတာမျိုး ရှိတယ်လို့ ACLU က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG