လေပြင်းတိုက်ခတ်ပြီး ခြောက်သွေ့တဲ့ အခြေအနေကြောင့် နေရာ အတော်များများမှာ အခုအချိန်ထိ မီးသတ်သမားတွေ ဆက်လက် ငြှိမ်းသတ်နေရဆဲဖြစ်တဲ့ တောမီးလောင်ကျွမ်းရာ ကယ်လီဖိုးနီးယားပြည်နယ်ကို သောကြာနေ့မှာ သမ္မတဒေါ်နယ်ထရမ့် သွားရောက် နေပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်က တာဝန်ခံ ခေါင်းဆောင်တွေရဲ့ ရေနဲ့ ပတ်သက်ပြီး ချထားတဲ့ မူဝါဒတွေဟာ အခု လောင်နေတဲ့ တောမီးကို ပိုဆိုးစေတယ်လို့ သမ္မတထရမ့်က ဝေဖန်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှုးကတော့ မီးသတ်ဖို့ ရေမပေးဘူးဆိုတဲ့ သမ္မတရဲ့ ပြောကြားချက်ကို ပယ်ချပါတယ်။
Los Angeles တောင်ပိုင်း က အောက်လွှတ်တော် ရီပတ်ဘလစ်ကင်အမတ် Young Kim ကတော့ ဒေသခံတွေရဲ့ လူနေမှု ဘဝနဲ့ နိုင်ငံရေးကစားတာဟာ မီးဘေးသင့်သူတွေနဲ့ မီးသတ်သမားတွေကို စော်ကားတာမျိုး ဖြစ်တဲ့အတွက် လက်မခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ သဘာဝဘေး အန္တရာယ် တုံ့ပြန်ရာမှာ ပြည်နယ်တွေဘက်က တာဝန်ခံတာဝန်ယူမှု ပို လုပ်ကြဖို့ အကြံပြုပါတယ်။
ကယ်လီဖိုးနီးယားကို မသွားခင် မြောက်ကာရိုလိုင်းနားကို သွားရောက်ခဲ့တာပါ။ အဲဒီဒေသမှာ ဟာရီကိန်း Helene ကြောင့် ပျက်စီးဆုံးရှုံးမှုကနေ ပြန်နလံထူအောင် လနဲ့ချီ ကြိုးစားနေရတာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာ တောမီးဒဏ် အဆိုးဝါးဆုံးခံရတဲ့ Pacific Palisades ဒေသကို သမ္မတထရမ့် သွားရောက်ဖို့ရှိပါတယ်။ အဲဒီဒေသမှာ မြေဟက်တာ ပေါင်း ၉၅၀၀ လောက် အထိ မီးလောင်ကျွမ်းခဲ့တယ်လို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးကာကွယ်ရေးဌာနက ခန့်မှန်းထားပြီး အခုဆို တောမီးကို ၇၇ % လောက် ထိန်းချုပ်လာနိုင်ပြီ ဖြစ်ပါတယ်။
Forum