သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်မှတ်အသုံးစရိတ်မသုံးရင် နေတိုးမဟာမိတ်တွေကို အကာအကွယ်မပေးနိုင်လို့ Trump ခြိမ်းခြောက်ခဲ့ 


သမ္မတရွေးပွဲကို ယှဥ်ပြိုင်ဖို့ မဲဆွယ်နေတဲ့ ရီပတ်ဘလစ်ကန်သမ္မတဟောင်း Trump
သမ္မတရွေးပွဲကို ယှဥ်ပြိုင်ဖို့ မဲဆွယ်နေတဲ့ ရီပတ်ဘလစ်ကန်သမ္မတဟောင်း Trump

သဘောတူထားတဲ့အတိုင်းမလုပ်ရင် အဲဒီတိုင်းပြည်တွေကို ကြိုက်သလိုလုပ်ဖို့ သူ ရုရှားကိုအားပေးမယ်လို့ မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ် (NATO) မဟာမိတ်တွေကို သမ္မတအနေနဲ့ သူသတိပေးခဲ့ကြောင်း ရီပါဘလီကန်ပါတီရဲ့ ရှေ့ပြေးသမ္မတလောင်း ဒေါ်နယ်ထရမ့်က စနေနေ့မှာ ပြောခဲ့ပါတယ်။

နေတိုးကသတ်မှတ်ထားတဲ့အတိုင်း ကာကွယ်ရေးအသုံးစရိတ်ကို မသုံးဘူးဆိုရင် အဲဒီ အဖွဲ့ဝင်နိုင်ငံကို အကာအကွယ်မပေးဘူးလို့ ခြိမ်းခြောက်ခဲ့ကြောင်း ထရမ့်က တောင်ကရိုလိုင်းနားပြည်နယ် ကွန်းဝေးမြို့ မဲဆွယ်စည်းရုံးရေးမှာ သူက ပြန်ပြောခဲ့တာပါ။ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်လိုက်ပြီးတဲ့နောက် နေတိုးမဟာမိတ်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအတွက် တမျိုးသားလုံးထုတ်ကုန်တန်ဖိုးရဲ့ ၂ ရာနှုန်းကို ၂၀၂၄ မှာ စတင်အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

အဲဒီလို အသုံးမပြုဘူးဆိုရင် အကာအကွယ်မပေးဘူးဆိုတဲ့သဘောဖြစ်ပြီး ထရမ့်ရဲ့ ဒီ သဘောထားဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး၊ ကမ္ဘာ့တည်ငြိမ်ရေးနဲ့ အမေရိကန်ပြည်တွင်းစီးပွါးရေးအတွက် အန္တရာယ်ကြီးမားလှတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ အင်န်ဒရူး ဘိတ်က ဆိုပါတယ်။

မဟာမိတ်တွေအချင်းချင်း မကာကွယ်ဘူးဆိုတဲ့ ဘယ်ပြောဆိုချက်မဆို အမေရိကန်အပါအဝင် အားလုံးရဲ့လုံခြုံရေးကို ဖျက်ဆီးတာဖြစ်တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယောင်န် စတော်လ်တင်န်ဘဂ် က တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြန် တုံ့ပြန်လိုက်ပါတယ်။ နေတိုးလုံခြုံရေးနဲ့ ပြဌာန်းချက်အမှတ် ငါး ညီညွတ်ရေးအပေါ် အလေးမထားတဲ့ထုတ်ပြန်ချက်တွေဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ အကျိုးစီးပွါးသဖြစ်တယ်လို့ ဥရောပသမဂ္ဂဥက္ကဋ္ဌ ချားလ်စမစ်ရှဲ ကလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG