သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump တရားစွဲခံရနိုင်သလား


သမ္မတ Trump
သမ္မတ Trump

သမ္မတ Donald Trump က သူ့အနေနဲ့ တရားစွဲခံရကောင်း ခံရနိုင်တယ်ဆိုတဲ့ကိစ္စကို လူသိရှင်ကြား တရားဝင် ပြောဆိုနေပြီ ဖြစ်ပါတယ်။ သူ့ကို တရားစွဲမယ်ဆိုရင် အစုရှယ်ယာဈေးကွက် ပြိုကျ ပျက်ဆီးသွားနိုင်ပြီး လူတွေလည်း ဆင်းရဲမွဲတေကုန်နိုင်တယ်လို့ ကြာသပတေးနေ့ မနက်ပိုင်းက ထုတ်လွှင့်တဲ့ Fox သတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း သမ္မတ Trump က အဲဒီလို ပြောကြားလိုက်တာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် ရုရှားအစိုးရနဲ့ ပူးပေါင်း ကြံစည်ခဲ့ခြင်း ရှိမရှိ သမ္မတ Donald Trump နဲ့ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရေးအဖွဲ့မှာ ပါဝင်ခဲ့သူတွေအပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ကာလမှာဘဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့အကြီးအကဲ Paul Manafort ဟာ အဲဒီကိစ္စနဲ့ မဆိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ တခြား ပြစ်မှုတွေ ကျူးလွန်ခဲ့ကြောင်း Virginia ပြည်နယ် တရားရုံးက အင်္ဂါနေ့မှာ စီရင်ချက် ချလိုက်တာပါ။

အဲဒီ တနေ့ထဲမှာဘဲ မစ္စတာ Trump ရဲ့ ကိုယ်ပိုင် ရှေ့နေအဖြစ် ဆယ်စုနှစ်နဲ့ချီပြီး အလုပ်လုပ်ပေးခဲ့သူ Michael Cohen က သူ့အနေနဲ့ ဥပဒေ ချိုးဖောက်မှုတွေရှိခဲ့ပြီး အဲဒီအထဲမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကိုလည်း မစ္စတာ Trump ရဲ့ ညွန်ကြားချက်နဲ့ ချိုးဖောက်ခဲ့ကြောင်း နယူးယောက်ပြည်မှာရှိတဲ့ ပြည်ထောင်စု တရားသူကြီးရှေ့မှာ ဝန်ခံ ပြောကြားလိုက်ပါတယ်။

ဒိမတိုင်ခင်ကတော့ သမ္မတအပေါ် တရားစွဲမယ်ဆိုတဲ့ ကိစ္စကို ပြောဆိုတာ မရှိခဲ့သလို၊ အဲဒီလို အရိပ်အမြွက် ပြောဆိုမှုတွေကိုတောင် သမ္မတ Trump ရဲ့ အသိုင်းအဝိုင်းက လက်ခံခဲ့ကြတာ မဟုတ်ပါဘူး။

အခု Fox သတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း သမ္မတ Trump ကိုယ်တိုင်က သူ့အနေနဲ့ တရားစွဲခံကိန်း ရှိတဲ့အပြင် သူ့ကို တရားစွဲလိုက်ရင် အစုရှယ်ယာဈေးကွက်ပါ ပြိုကျ ပျက်ဆီးသွားပြီး လူတွေအားလုံး ဆင်းရဲနွမ်းပါးသွားမယ်ဆိုပြီး အဲဒီ ၂ ခုကို ချိတ်ဆက် ပြောကြားခဲ့တာပါ။

“ကောင်းမွန်တဲ့ ရလဒ်တွေထွက်အောင် လုပ်ပေးနေတဲ့သူတယောက်ကို ဘယ်လိုလုပ် တရားစွဲမလဲ။ ကျနော်သာ တရားစွဲခံရမယ်ဆိုရင် အစုရှယ်ယာဈေးကွက်ကြီး ပြိုကျ ပျက်ဆီးသွားလိမ့်မယ်။ လူတိုင်းလဲ ဆင်းရဲနွမ်းပါးသွားလိမ့်မယ်။ အသေအချာ မစဉ်းစားဘဲလုပ်ရင် အစုရှယ်ယာ အညွန်းကိန်းတွေ ဇောက်ထိုးဖြစ်သွားလိမ့်မယ်။”

အမေရိကန်က စီးပွားရေးပညာရှင်တွေကတော့ သမ္မတ Trump ပြောသလို သူသာ တရားစွဲခံခဲ့ရရင် အစုရှယ်ယာဈေးတွေ ထိုးကျကုန်မယ်ဆိုတဲ့ ပြောဆိုမှုဟာ အခြေအမြစ် မရှိကြောင်း ထောက်ပြကြပါတယ်။

သူနဲ့ ငြိစွန်းခဲ့တဲ့ အမျိုးသမီး ၂ ဦးကို နှုတ်ပိတ်ခပေးခဲ့တာဟာ Michael Cohen က ပြည်ထောင်စု တရားသူကြီးရှေ့မှာ ဝန်ခံ ပြောကြားခဲ့သလိုမျိုး သူ့အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ပြီး ပေးခဲ့တာ မဟုတ်ဘူးဆိုတာကိုလည်း သမ္မတ Trump ပြောကြားခဲ့ပါတယ်။

“အဲဒီ အမျိုးသမီးတွေကို ပေးလိုက်တဲ့ ငွေတွေဟာ ရွေးကောက်ပွဲအတွက် အလှုတွေထဲက ထုတ်ယူ သုံးစွဲခဲ့တာ မဟုတ်ပါဘူး။ အဲဒီငွေတွေက ကျနော့် ကိုယ်ပိုင်ငွေတွေပါ။ အဲဒီအကြောင်းလဲ ကျနော် Twitter ကနေ ပြောခဲ့ဘူးပါတယ်။”

ဒါပေမယ့် အဲဒီလို သူ့အိတ်ထဲကစိုက်ပြီး ပေးခဲ့ခြင်းကိုက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်နေတယ်လို့ အမေရိကန် ဥပဒေ ပညာရှင်အများစုက ထောက်ပြ ပြောဆိုနေကြတာပါ။ မစ္စတာ Trump အနေနဲ့ သူ့ ရွေးကောက်ပွဲ ရံပုံငွေထဲက အဲဒီ ငွေတွေကို စိုက်ထုတ်ပေးပြီး အဲဒီလို ပေးခဲ့တယ်ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်ကို ကြိုတင် အသိပေးခဲ့ရင် ဥပဒေ ချိုးဖောက်ရာ မရောက်ဘူးလို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်က သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက် စွက်ဖက်ခဲ့ခြင်း ရှိမရှိဆိုတဲ့အပေါ် အထူးစုံစမ်း စစ်ဆေးရေးမှူး Robert Mueller က စုံစမ်း စစ်ဆေးနေတာနဲ့ အခု သူ့ရဲ့ ကိုယ်ပိုင်ရှေ့နေက ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံ ပြောကြားမှုတွေကြောင့် သမ္မတ Trump အတွက် ဥပဒေကြောင်း ရင်ဆိုင်ရမယ့် ကိစ္စရပ်တွေ ပိုတိုးလာနေပြီလို့ George Washington တက္ကသိုလ်က ဥပဒေရေးရာသုတေသီ Lara Brown က ပြောပါတယ်။

“အထူးစုံစမ်းရေးမှူး မစ္စတာ Mueller စုံစမ်းနေတဲ့ ကိစ္စရော၊ Michael Cohen က ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံ ပြောကြားလိုက်တဲ့အပေါ် အကျင့်ပျက် ခြစားမှုဆိုင်ရာ မေးခွန်းတွေ ထပ်ပြီး ထွက်လာတာတွေကြောင့် ဥပဒေ လမ်းကြောင်းအရ လုပ်ဆောင်မှုတွေဟာ တော်တော်လေး အရှိန်ရလာနေတာကို တွေ့ရပါတယ်။”

သမ္မတလောင်းတယောက်အနေနဲ့ သူ့ရဲ့ ရွေးကောက်ပွဲ Campaign ကို ထိခိုက်မှာစိုးလို့ ပေးခဲ့တာလား၊ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရ သူ့ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးတဲ့အတွက် ပေးခဲတာလား ဆိုတာကတော့ သက်သေပြဖို့ ခက်ခဲ့မယ့် ကိစ္စဖြစ်ပါတယ်။ မစ္စတာ Trump က ရွေးကောက်ပွဲအတွက် အသုံးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Michael Cohen ကို အဲဒီ ပိုက်ဆံတွေ ပေးခဲ့တယ်ဆိုတာကို တရားစွဲတဲ့အခါမှာ အစိုးရရှေ့နေတွေဘက်က သက်ပြေ ပြနိုင်ရမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ House of Representatives လို့ခေါ်တဲ့ အောက်လွှတ်တော်ကသာ သမ္မတကို တရားစွဲဆိုခွင့်ရှိပြီး တရားစွဲနိုင်တဲ့ အမှုတွေကတော့ နိုင်ငံတော်သစ္စာဖောက်မှု၊ လာဘ်ပေး လာဘ်ယူမှုတို့အပြင် တခြား အရေးကြီးတဲ့ ရာဇဝတ်မှုများတဲ့ အသေးအမွှား ပြစ်မှုတို့ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မကြာခင် လနည်းငယ်အတွင်း ကျင်းပဖို့ရှိနေတဲ့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ အောက်လွှတ်တော်မှာ အများစု အနိုင်ရဖို့အတွက် ပါတီကြီး ၂ ရပ်စလုံးက အကြိတ်အနယ် ကြိုးစားနေကြပါတယ်။ အောက်လွှတ်တော်မှာ လက်ရှိ အများစု အနိုင်ရထားတဲ့ ရီပတ်ဘလီကန်ပါတီက လက်ရှိအတိုင်း သူတို့ ဆက်လက် အသာစီး ရထားနိုင်အောင် လုပ်ဆောင်ပြီး သမ္မတကို တရားမစွဲရအောင် အကာကွယ် ပေးကြမှာဖြစ်သလို၊ ဒီမိုကရက်တွေကလည်း သူတို့အသာစီး ရအောင် ကြိုးစား လုပ်ဆောင်ပြီး သမ္မတက ကျူးလွန်ထားတယ်ဆိုတဲ့ အမှုတွေအတွက် တရားစွဲနိုင်ဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။

သမ္မတ Trump တရားစွဲခံရနိုင်သလား
please wait

No media source currently available

0:00 0:04:28 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG