သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှုတ်ပိတ်ငွေပေးမှု သမ္မတ Trump ကာကွယ်ပြောဆို


အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေ မကျင်းပခင်ရက်ပိုင်းအလို ၂၀၁၆ ခုနှစ်ထဲမှာ ကိုယ်ပိုင်ရှေ့နေတဦးဖြစ်တဲ့ Michael Cohen ကတဆင့် နှုတ်ပိတ်ခငွေပေးခဲ့တာဟာ သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ပေးခဲ့တာသာဖြစ်ပြီး၊ မဲဆွယ်ပွဲရန်ပုံငွေထဲက သုံးစွဲခဲ့တာ မဟုတ်ကြောင်း သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း အဲဒီအချိန်တုန်းက ငွေပေးတဲ့ကိစ္စကို မသိရှိခဲ့ကြောင်းနဲ့ နောက်ပိုင်းကျမှ သိခဲ့ကြောင်းလည်း Fox News သတင်းဌာနကို ပြောဆိုခဲ့တာပါ။ မနေ့က ထုတ်လွှင့်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ သမ္မတနဲ့ ငြိစွန်းဖူးကြောင်း ပြောဆိုထားတဲ့ အမျိုးသမီး ၂ ယောက်ကို ပေးခဲ့တဲ့ငွေတွေဟာ မဲဆွယ်ပွဲရန်ပုံငွေထဲက မဟုတ်ကြောင်းလည်း သမ္မတ Trump ကပြောခဲ့ပါတယ်။

ရှေ့နေ Cohen ကတော့ ရွေးကောက်ပွဲမှာ Trump ရဲ့ သြဇာအရှိန်အဝါ မထိခိုက်အောင် ရည်ရွယ်ချက်နဲ့ သမ္မတလောင်းရဲ့ ညွှန်ကြားချက်အရ အမျိုးသမီး ၂ ဦးကို ငွေပေးခဲ့တာဖြစ်ကြောင်း အင်္ဂါနေ့က နယူးယောက်မြို့ တရားခွင်မှာ ပြည်ထောင်စုတရားသူကြီးရှေ့မှောက် ထွက်ဆိုခဲ့တာပါ။ Trump နဲ့ တချိန်က ငြိစွန်းဖူးတယ်လို့ဆိုတဲ့ အမျိုးသမီးတွေကို နှုတ်ပိတ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ငွေပေးဖို့ ရှေ့နေ Cohen ကို ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းဖြစ်သူ Trump ရဲ့ အိမ်ခြံမြေလုပ်ငန်းကနေ ဒေါ်လာ ၄ သိန်း ၂ သောင်း ပေးခဲ့ကြောင်းလည်း တရားရုံးအမှုတွဲမှာ ဖော်ပြထားပါတယ်။

မနေ့တုန်းက သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေရဲ့ ပြင်းထန်တဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders ကတော့ ငွေပေးတဲ့ကိစ္စကို မသိကြောင်း အစောပိုင်းမှာ သမ္မတက လိမ်လည် ပြောဆိုခဲ့တယ်လို့ဆိုနေကြတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်းနဲ့ သမ္မတအနေနဲ့ အမှားအယွင်းလုပ်တာ မရှိကြောင်း တုံ့ပြန်ခဲ့တာပါ။ ဒီအမှုနဲ့ ဆက်နွယ်ပြီး သမ္မတအပေါ် အရေးယူတာ တစုံတရာမရှိသလို၊ ရှေ့နေ Cohen အပြစ်ရှိကြောင်း ဝန်ခံခဲ့တာဟာ သမ္မတအပေါ် အမှုပတ်လာနိုင်တဲ့ သဘောမျိုး မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Cohen ရဲ့ အကျိုးဆောင်ရှေ့နေ Lanny Davis ကတော့ သူ့အမှုသည် အနေနဲ့ ရုရှားအရေး အထူးစုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ သမ္မတTrump မမှန်မကန် ဆောင်ရွက်ခဲ့တဲ့ တခြားလုပ်ရပ်တွေလည်း ပါဝင်လာနိုင်ကြောင်း မနေ့တုန်းကပဲ မီဒီယာတွေကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG