သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်-မက္ကစီကို နယ်စပ်ပိတ်ဖို့ သမ္မတ Trump ခြိမ်းခြောက်


လက်တင်အမေရိက နိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုထဲ ၀င်ရောက်ဖို့ ကြိုးပမ်းနေတဲ့ အထောက်အထားမဲ့ လူတွေကို အမေရိကန်အစိုးရအနေနဲ့ မဟန့်တားနိုင်ဘူးဆိုရင်၊ တနေ့ကို ဒေါ်လာ ၁.၆ ဘီလီယံဖိုး ကုန်သွယ်မှုရှိနေတဲ့ အမေရိကန်-မက္ကဆီကို နယ်စပ်ကို ပိတ်ပစ်မယ်လို့ သမ္မတ Donald Trump က မနေ့ ကြာသပတေးနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ကျေးဇူးတော်နေ့ အားလပ်ရက်အတွက် ဖလော်ရီဒါပြည်နယ်က သူပိုင် အပန်းဖြေအိမ်ယာ Mar-a-Lago ကနေ သမ္မတ Trump က သတင်းထောက်တွေကို အဲဒီလိုပြောဆိုလိုက်တာပါ။ တခါ အဲဒီလိုတရားမ၀င် ၀င်ရောက်လာနိုင်ခြေရှိတဲ့ သူတွေကို ဟန့်တားရေး မက္ကဆီကိုနယ်စပ်ကို စေလွှတ်ထားတဲ့ အမေရိကန်တပ်ဖွဲ့တွေကိုလည်း လိုအပ်ရင် လက်နက်သုံးခွင့်ပြုထားတယ်ဆိုတဲ့ ကာကွယ်ရေးဝန်ကြီး Jim Mattis ရဲ့ ဗုဓ္ဒဟူးနေ့က ပြောဆိုချက်ကိုလည်း သမ္မတ Trump က အတည်ပြုပြောဆိုသွားတာပါ။

သမ္မတ Trump ဟာသူရာထူးစတင်ယူကတည်းက ရှေ့တန်းက တပ်ဖွဲ့တွေဆီ သွားရောက်လည်ပတ်ခြင်းမရှိဘူးဆိုပြီး ဝေဖန်မှုတွေထွက်ပေါ်လာချိန်မှာပဲ အာရှ ပစိဖိတ် ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တယ်လီဖုန်းဆက်ပြောဆိုတာကို ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီလို တယ်လီဖုန်းဆက်ပြီးတဲ့နောက်မှာပဲ အမေရိကန်မက္ကဆီကိုနယ်စပ်နဲ့ပတ်သက်ပြီး သမ္မတ Trump ရဲ့ မှတ်ချက်စကားထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်ပြည်တွင်း တရားဥပဒေစိုးမိုးရေးလုပ်ရပ်အတွက် စစ်ရေးအသုံးပြုခွင့်ကို ကန့်သတ်ပိတ်ပင်ထားတဲ့ နှစ်ပေါင်း ၁၃၀ ရှိပြီဖြစ်တဲ့ ဥပဒေကို ချိုးဖောက်နိုင်ခြေရှိနေတယ်ဆိုပြီး အငြင်းပွါးမှုတွေထွက်ပေါ်နေချိန်မှာပဲ မက္ကဆီကိုနယ်စပ်ကို ရောက်နေကြတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၅၈၀၀ တို့ကတော့ သံဆူးကြိုးအကာအရံတွေ ချထားတဲ့ဘေးမှာယာယီ တဲတွေထိုးပြီး ကျေးဇူးတော်နေ့ အခမ်းအနားကို ဆင်နွှဲခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG