သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူ့ကိုယ်သူ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခွင့်ရှိကြောင်း သမ္မတ Trump ပြောကြား


သမ္မတ Donald Trump က သူ့ကိုယ်သူ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနိုင်တဲ့ “အကြွင်းမဲ့ အခွင့်အရေး” တခု သူ့မှာရှိတယ်လို့ တနင်္လာနေ့က ပြောလိုက်ပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲနဲ့ ရုရှားနိုင်ငံအကြား အဆက်အစပ်ကို ဖက်ဒရယ် အစိုးရက စုံစမ်းစစ်ဆေးနေတာဟာ “အခြေခံဥပဒေနဲ့ လုံးဝ ကိုက်ညီမှုမရှိဘူး” ဆိုပြီးတော့လည်း Twitter မှာရေးပါတယ်။

အခိုင်အမာရှိထားပြီးသား စံသတ်မှတ်ချက်တွေကို သမ္မတထရမ့်ပ်က မကြာခန လျစ်လျူရှုလေ့ရှိသလို သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့ပတ်သက်ပြီး လက်ခံနားလည်ထားကြတဲ့ အကန့်အသတ်တွေအပေါ်မှာလည်း မကြာခန ငြင်းချက်ထုတ်လေ့ရှိတာပါ။

သူ့ရဲ့ အခုနောက်ဆုံး ပြောဆိုချက်တွေကတော့ ဘယ်တုန်းကမှ မရှိဖူးသလို အခြေခံဥပဒေဆိုင်ရာ သတ်မှတ်ချက်တွေအပေါ် စမ်းသပ်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တချို့က မြင်ကြပါတယ်။

Georgetown တက္ကသိုလ်က ဥပဒေဘာသာရပ် ပါမောက္ခ Susan Low Bloch က သမ္မတထရမ့်ပ် Twitter မှာ ရေးတာတွေ အပေါ် “သူ အထိတ်တလန့် အံ့သြမိတယ်” လို့ပြောပါတယ်။

“ဘယ်သမ္မတမှ အဲဒီလိုလုပ်ဖို့ ကြိုးစားဖူးတာမရှိပါဘူး၊ သမ္မတဟာ သူ့ကိုယ်သူ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ တရားရုံးက သဘောတူမှာမဟုတ်သလို တကယ်ပဲ ကိုယ့်ကိုယ်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရင် အဲဒီလိုအချိန်မျိုးတွေမှာ ရှိနေတဲ့ ကွန်ဂရက်လွှတ်တော်အများစုက သမ္မတကို စွပ်စွဲပြစ်တင်မှာပါပဲ” လို့ ပါမောက္ခ Susan Bloch ကပြောပါတယ်။

ပါမောက္ခ Bloch ဟာ လက်ရှိသမ္မတတယောက်ကို တရားစွဲ အရေးယူနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် ကြားနာပွဲ ထွက်ဆိုဖူးသူဖြစ်ပြီး ရုရှားကိစ္စ အထူးစုံစမ်းစစ်ဆေးရေးမှူးခန့် လုပ်ဆောင်နေတာ “အခြေခံဥပဒေနဲ့ လုံးဝကိုက်ညီ တယ်” လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG