သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Putin ဒုတိယအကြိမ် ဝါရှင်တန်မှာ တွေ့ဖို့စီစဉ်


Trump နဲ့ Putin ဇူလိုင် ၁၆ တုန်းက တွေ့ဆုံစဉ်
Trump နဲ့ Putin ဇူလိုင် ၁၆ တုန်းက တွေ့ဆုံစဉ်

အမေရိကန်နဲ့ရုရှား ခေါင်းဆောင်နှစ်ဦးအကြား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးလုပ်ဖို့ နှစ်နိုင်ငံအကြား ဆွေးနွေး စီစဉ်နေ တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က ကြာသပတေးနေ့မှာ Twitter ကနေ ကြေညာပါတယ်။

သမ္မတထရမ့်ပ်နဲ့ သမ္မတပူတင်တို့ ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီမြို့မှာ ပထမအကြိမ် ထိပ်သီးအစည်းအဝေးလုပ်အပြီး သုံးရက် အကြာမှာပဲ ဒုတိယအကြိမ်တွေ့ကြဖို့ စီစဉ်နေတယ်ဆိုတဲ့ ကြေညာချက် ထွက်လာတာပါ။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတထရမ့်ပ် အနိုင်ရစေဖို့အတွက် ရုရှားက ဝင်နှောက်ခဲ့တယ်ဆိုတာကို ပထမအကြိမ် ထိပ်သီးအစည်းအဝေး အတွင်း သမ္မတပူတင်က ငြင်းတဲ့အပေါ် သမ္မတထရမ့်ပ်ကလည်း သမ္မတပူတင်ဘက်က ရပ်တည်ပြောဆိုတဲ့အတွက် အမေရိကန် ပါတီနှစ်ရပ်စလုံးက လွှတ်တော်အမတ်တွေက ဝေဖန်ပြောဆိုနေတာပါ။

သမ္မတ ဗလာဒီမီယာ ပူတင်ကို လာမယ့် ဆောင်းဦးရာသီမှာ ဝါရှင်တန်ကိုလာဖို့ ဖိတ်ကြားရေး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံ ပေးပုဂ္ဂိုလ် John Bolton ကို သမ္မတထရမ့်ပ်က ညွှန်ကြားထားတယ်လို့ ပြောခွင့်ရ Sanders က Twitter မှာရေးပါတယ်။

အမျိုးသားထောက်လှမ်းရေးအဖွဲ့ DNI ညွှန်ကြားရေးမှူး Dan Coats ကတော့ “ထောက်လှမ်းရေးဆိုင်ရာ ဖြစ်လာနိုင်ခြေ အန္တရာယ်တွေကို ကျနော်တို့ ဆန်းစစ်လေ့လာသွားပါမယ်၊ အဲဒီကနေ ရလာတဲ့အချက်အလက်တွေကို သမ္မတကို အစီရင်ခံ တင်ပြပါမယ်” လို့ ကော်လိုရာဒါပြည်နယ်မှာလုပ်တဲ့ ဆွေးနွေးပွဲတခုအတွင်း ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG