သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"America First " မူဝါဒ သမ္မတ Trump ကာကွယ်


သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်

မျှတမှုမရှိတဲ့ ကုန်သွယ်ရေးနည်းလမ်းတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး သည်းခံနေတော့မှာ မဟုတ်ဘဲ အနာဂတ် ကုန်သွယ်ရေးသဘောတူညီချက်တွေမှာ အမေရိကန်ကို ပထမဦးစားပေး ထည့်သွင်းစဉ်းစားသွားမယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောလိုက်ပါတယ်။ America First အမေရိကန်ကို ပထမဦးစားပေး စဉ်းစားမယ်ဆိုတဲ့ သူ့ရဲ့မူဝါဒ ကိုလည်း Davos မှာပြောတဲ့ မိန့်ခွန်းထဲ သမ္မတထရမ့်ပ်က ကာကွယ်ပြောဆိုသွားပါတယ်။ ဗွီအိုအေသတင်းထောက် Henry Ridgwell နဲ့ Jeff Custer တို့ရဲ့သတင်းလွှာတွေကို စုစည်းပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

တကမ္ဘာလုံးက စီးပွားရေးနဲ့နိုင်ငံရေးခေါင်းဆောင်တွေ တက်ရောက်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ Davos မြို့မှာကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ် WEF မှာ သောကြာနေ့ကပြောတဲ့မိန့်ခွန်းထဲ သမ္မတထရမ့်ပ်က အမေရိကန် အားကောင်းခိုင်မာတာဟာ တကမ္ဘာ လုံးအတွက် ကောင်းတဲ့ကိစ္စဖြစ်တယ်လို့ ပြောသွားပါတယ်။

အမေရိကန်စီးပွားရေးဟာ နှစ်ပေါင်းများစွာ ကျဆင်းနေပြီးတဲ့နောက် သူ့ရဲ့မူဝါဒတွေကြောင့် အားကောင်းလာပြီလို့လည်း သမ္မတ ထရမ့်ပ်ကဆိုပါတယ်။

အခွန်အကောက်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လျှော့ချပြီးတော့ စီးပွားရေးလုပ်ငန်းနဲ့ အလုပ်သမားတွေ အောင်မြင်တိုးတက်စေဖို့ လွတ်လပ်ခွင့်တွေပေးနေသလို စီးပွားရေးလုပ်ခွင့်သာစေမယ့် အခြေအနေတွေ ဖန်တီးပေးနေတယ်လို့လည်း ပြောပါတယ်။

ဒီညီလာခံကို တက်ရောက်လာသူတချို့ကြားမှာ စိုးရိမ်နေကြတဲ့ America First မူဝါဒနဲ့ပတ်သက်ပြီး တကယ်တမ်းကျတော့ သူ့ရဲ့ မူဝါဒတွေဟာ အားလုံးအတွက်ကောင်းတဲ့ မူဝါဒတွေဖြစ်တယ်လို့ သမ္မတထရမ့်ပ်က အာမခံပြောဆိုပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအနေနဲ့ အမေရိကန်ုကို အမြဲတမ်း ဦးစားပေးစဉ်းစားမှာပါ။ တခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ သူတို့နိုင်ငံကို ပထမဦးစားပေး စဉ်းစားသင့်သလိုမျိုးပါပဲ။ ဒါပေမဲ့ အမေရိကန်ကို ဦးစားပေးစဉ်းစားမယ်ဆိုတာ အမေရိကန်တနိုင်ငံတည်းအတွက်လို့ အဓိပ္ပါယ်မသက်ရောက်ပါဘူး။ အမေရိကန်ပြည်ထောင်စု တိုးတက်ရင် ကမ္ဘာကြီးလည်း တိုးတက်မှာပါပဲ။”

နိုင်ငံစုံပါဝင်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေအပေါ် သမ္မတထရမ့်ပ်နဲ့ သူ့အစိုးရအဖွဲ့က ဝေဖန်ပြောဆိုထားပြိး ပစိဖိတ် ရပ်ဝန်းဒေသ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် TPP ကနေ နုတ်ထွက်ထားတာပါ။ လွတ်လပ်တဲ့ကုန်သွယ်ရေးကို သူ ထောက်ခံတယ်ဆိုတာ သမ္မတကပြောပေမယ့် သဘောတူညီချက်တွေဟာ မျှတပြီး အပြန်အလှန်အကျိုးဖြစ်ဖို့လိုတယ်လို့ ပြောပါတယ်။

“မျှတမှုမရှိတဲ့ စီးပွားရေးလုပ်ကိုင်ပုံတွေအပေါ် အမေရိကန်က ဆက်ပြီး မျက်ကွယ်ပြုထားမှာ မဟုတ်တော့ပါဘူး။ ဒီထဲမှာ ဉာဏပစ္စည်းမူပိုင်ခွင့်ကို ခိုးယူတာ၊ စက်မှုလုပ်ငန်းကို အစိုးရက ရန်ပုံငွေထောက်ပံ့တာနဲ့ အစိုးရကဦးဆောင်တဲ့ စီးပွားရေး စီမံ ကိန်းတွေကို ဖြန့်ကျက်လုပ်ဆောင်တာတွေ ပါဝင်ပါတယ်။ ဒီလိုဖြစ်ရပ်တွေနဲ့ ခေါင်းပုံဖြတ်တဲ့ တခြားလုပ်ရပ်တွေဟာ ကမ္ဘာလုံး ဆိုင်ရာဈေးကွက်တွေကို ထိခိုက်စေပြီး အမေရိကန်မှာသာမက ကမ္ဘာတဝန်းက စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေကို ထိခိုက်စေပါတယ်။”

ကမ္ဘာလုံးဆိုင်ရာဖြန့်ကျက်မှုအပေါ် ညီလာခံတက်ရောက်သူ အများအပြား အရင်တုန်းက ကြားဖူးထားသလို ပုံစံမျိုးနဲ့ ဝေဖန် တိုက်ခိုက်တာတော့ သမ္မတကလုပ်မသွားပါဘူး။

မိန့်ခွန်းပြောပြီးတဲ့နောက် အမေးအဖြေကဏ္ဍမှာ သမ္မတထရမ့်ပ်က သတင်းမီဒီယာတွေကို ထပ်ပြီး ထိုးနှက်သွားပါသေးတယ်။

“သတင်းမီဒီယာတွေဟာ ဘယ်လောက် မနှစ်မြို့ဖွယ်ကောင်းတယ်၊ ဘယ်လောက် ဆိုးရွားတယ်၊ ဘယ်လောက် ကြောက် စရာကောင်းတယ်၊ ဘယ်လောက် လုပ်ကြံဖော်ပြတယ်ဆိုတာ ကျနော်နိုင်ငံရေးသမား မဖြစ်ခင်အချိန်ထိ နားမလည်ခဲ့ပါဘူး။ အခု ကိုပဲ အနောက်ဘက်က ကင်မရာတွေ ပိတ်ကုန်ကြပါပြီ။”

သူ့ရဲ့အဲဒီပြောစကားအပေါ် ပရိသတ်ထဲက ကန့်ကွက် အော်ဟစ်သံတွေကိုလည်း အထင်အရှား ကြားခဲ့ကြရပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောပြီးတဲ့နောက် သမ္မတထရမ့်ပ်ဟာ ဝါရှင်တန်မြို့တော်ကို ပြန်ထွက်ခွာလာပြီဖြစ်ပါတယ်။ ရှေ့သီတင်းပတ် အင်္ဂါနေ့မှာတော့ နောက်ထပ် မိန့်ခွန်းကြီးတခုဖြစ်တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း State of the Union Speech ကို သမ္မတထရမ့်ပ် ပြောဖို့ရှိပါတယ်။

"America First " မူဝါဒ သမ္မတ Trump ကာကွယ်
please wait

No media source currently available

0:00 0:03:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG