နည်းပညာပစ္စည်းတွေရဲ့ ချစ်ပ် ထုတ်လုပ်ရေးဟာ အမေရိကန်အတွက် အမျိုးသားလုံခြုံရေးကိစ္စဖြစ်တယ်လို့ အမေရိကန်သမ္မတထရမ့်က ပြောလိုက်ပါတယ်။
ထိုင်ဝမ် တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး TSMC ကုမ္ပဏီက လာမယ့်နှစ်တွေမှာ နောက်ထပ် ဒေါ်လာ ၁၀၀ ဘီလီယံ တန်ဖိုးရှိ ချစ်ပ်စက်ရုံ ငါးခုကို အမေရိကန်မှာ ရင်းနှီးမြှုပ်နှံ တည်ဆောက်သွားဖို့ အစီအစဥ်ကို သမ္မတထရမ့်နဲ့ အိမ်ဖြူတော်မှာ တနင်္လာနေ့က တွေ့ဆုံ ပြောခဲ့ပြီးတဲ့နောက် ထရမ့်က ခုလိုပြောလိုက်တာ ဖြစ်ပါတယ်။
TSMC ကုမ္ပဏီဟာ ကမ္ဘာမှာ ချစ်ပ် ထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး အမေရိကန်ကုမ္ပဏီများစွာအတွက် ချစ်ပ်တွေကို ထုတ်ပေးနေတာပါ။ အမေရိကန်မှာ လိုအပ်နေတဲ့ ချစ်ပ်နဲ့ တပိုင်းလျှပ်ကူး ပစ္စည်းတွေကို ထုတ်လုပ်ဖို့ တည်ဆောက်နိုင်ရမယ်လို့လည်း ထရမ့်ကပြောပါတယ်။
ပြည်တွင်းမှာ ခုလို ထုတ်လုပ်နိုင်ရင် အမေရိကန်အနေနဲ့ အာရှထုတ်လုပ်သူတွေကို မှီခိုနေရတာ နည်းသွားမှာပါ။
TSMC ကုမ္ပဏီက အမေရိကန်မှာ နောက်ထပ် ၂၅ ဘီလီယံ ထပ်ရင်းနှီးမြှုပ်နှံပြီး ၆၅ ဘီလီယံအထိ တိုးမြှင့်ဖို့ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက သဘောတူခဲ့တာ ဖြစ်ပါတယ်။
၂၀၃၀ မှာ တတိယစက်ရုံကို အရီဇိုးနားမှာ ထပ်တည်မှာပါ။ အထူးသဖြင့် ထိုင်ဝမ်အပေါ် တရုတ်က ဖိအားတိုးမြှင့်လာတဲ့အတွက် ထိုင်ဝမ်ထုတ်လုပ်ရေးအပေါ် မှီခိုနေရတာကို အမေရိကန်က စိုးရိမ်လာတာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ သူ့အချုပ်အခြာ အာဏာအောက်မှာရှိတယ်လို့ တရုတ်က ပြောပါတယ်။
Forum