အာဖဂန်နစ္စတန်ကို နောက်ထပ် တပ်သားဘယ်လောက် စေလွှတ်မယ်ဆိုတာ မဆုံးဖြတ်ရ သေးဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis ကပြောကြားလိုက်ပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံ တည်ငြိမ် လုံခြုံရေးအတွက် အမေရိကန်က ဆက်ပြီး စစ်ရေး ထောက်ပံ့သွားမယ်လို့ သမ္မတ Donald Trump ကြေညာခဲ့ပြီးနောက် ဝန်ကြီး Mattis ကအင်္ဂါနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။
ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Joseph Dunford နဲ့ တိုင်ပင်ဆွေးနွေးနေပြီး ဗိုလ်ချုပ်ကြီး Dunford ရဲ့ အစီအစဉ်အပေါ်မှာ အခြေခံပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
တနင်္လာနေ့ညက နိုင်ငံကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ သမ္မတ Trump က သူ့အနေနဲ့ တပ်သား အရေအတွက်၊ စစ်ရေးအစီအစဉ်တွေကို ပြောမှာ မဟုတ်ဘဲ အာဖဂန်နစ္စတန်နိုင်ငံထဲက အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးကို အခြေအနေအပေါ် မူတည် ချဉ်းကပ် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကို နောက်ထပ် အမေရိကန်တပ်သား ၄ ထောင်ကျော်စေလွှတ်ဖို့ သမ္မတက အတည်ပြုထားပြီးပြီလို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ လောလောဆယ် အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်သား ၈ ထောင့် ၄ ရာလောက် ရှိပြီး အများစုက အာဖဂန် တပ်တွေကို စစ်ရေး သင်တန်းပေးတာ၊ အကြံပေးတာတွေ လုပ်နေတာပါ။ ဒါပေမဲ့ တချို့ကတော့ တာလီဘန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံထဲမှာရှိတဲ့ IS သစ္စာခံ အဖွဲ့တွေအပေါ် တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးတွေမှာ ပါဝင်ဆင်နွဲ နေကြပါတယ်။