သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တရုတ်သမ္မတနှစ်ဦး ဖုန်းကတဆင့် ဆွေးနွေး


၂၀၁၇ နိုဝင်ဘာလတုန်းက ကန်တရုတ်သမ္မတနှစ်ဦး တွေ့ဆုံစဉ်
၂၀၁၇ နိုဝင်ဘာလတုန်းက ကန်တရုတ်သမ္မတနှစ်ဦး တွေ့ဆုံစဉ်

အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ် သမ္မတ Xi Jinping တို့ နှစ်ဦးဟာ စနေနေ့တုန်းက တယ်လီဖုံးကတဆင့် စကားပြောခဲ့ပြီး၊ G20 စက်မှုထိပ်သီးအစည်းအဝေးအတွင်း ရခဲ့တဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ သူတို့ဆန္ဒတွေကို ထုတ်ဖော်ပြောခဲ့ကြပါတယ်။

သမ္မတ ရှီ အချိန်အတော်ကြာအောင် တော်တော်လေးအဆင်ပြေပြေ စကားပြောဖြစ်ခဲ့ကြပြီး၊ အမေရိကန် တရုတ် ကုန်သွယ်ရေးဆက်ဆံမှုကိစ္စမှာ ကြီးမားတဲ့ တိုးတက်မှုတွေ ရခဲ့တယ်လို့ သမ္မတ Trump က သူ့ တွစ်တာအကောင့်မှာ ရေးပါတယ်။ သမ္မတ ရှီ နဲ့ တရုတ်ပြည်သူတွေကို နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောခဲ့ပြီး၊ အမေရိကန်တရုတ် ဆက်ဆံရေးကို ကမ္ဘာက အသေအချာစောင့်ကြည့်နေသလို ဒီ ဆက်ဆံရေးဟာ အင်မတန်အရေးကြီးတယ်လို့ အမေရိကန်သမ္မတက ပြောခဲ့ပါတယ်။

အာဂျင်တီးနားမှာ လုပ်ခဲ့တဲ့ စက်မှုထိပ်သီးအစည်းအဝေးအတွင်း သူတို့နှစ်ဦးသဘောတူခဲ့တဲ့ အချက်တွေကို အကောင်အထည်ဖော်ရေး နှစ်ဖက်လုံးက လိုလိုလားလားရှိနေတာကို ကျေနပ်ဖွယ်တွေ့ရတယ်လို့လည်း သမ္မတ Donald Trump က ပြောခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် သမ္မတ Trump နဲ့ အမေရိကန်ပြည်သူတွေကို နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား တရုတ်သမ္မတဖက်က ပြောဆိုခဲ့သလို၊ နှစ်နိုင်ငံဆက်ဆံရေးဟာ အရေးကြီးတဲ့အဆင့်ကို ရောက်နေပြီလို့ တရုတ်သမ္မတက ပြောပါတယ်။

နှစ်ဖက်ဆက်ဆံရေး တည်ငြိမ်တိုးတက်လာဖို့လည်း သူတို့နှစ်ဦးလုံး မျှော်လင့်ထားတယ်လို့ တရုတ်သမ္မတ Xi က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တနှစ်လုံးနီးပါးမှာတော့ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်သဘောမျိုး ကြုံခဲ့ပြီး အပြန်အလှန် ကုန်သွယ်ရေးတင်းကြပ်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကတော့ သမ္မတနှစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံပြီး နှစ်ဖက် ကန့်သတ်အရေးယူမှုတွေကို ရပ်ဖို့ သဘောတူခဲ့ကြပါတယ်။

လာမယ့် ဇန်နဝါရီလထဲမှာ နှစ်ဖက် ကုန်သွယ်ရေးကိုယ်စားလှယ်တွေ တွေ့ဆုံဖို့လျာထားပေမယ့် ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။ အမေရိကန်အနေနဲ့ တရုတ်နဲ့ ကုန်သွယ်ရေးလိုငွေပြနေတဲ့အပေါ်မှာ သမ္မတ Trump က တောက်လျှောက်ဝေဖန်ပြောဆိုလာတာပါ။ ဒါ့အပြင် ဉာဏမူပိုင်ခွင့်ချိုးဖောက်တာတွေနဲ့ မမျှတတဲ့ ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းတွေကို တရုတ်ဖက်က အရေးယူဆောင်ရွက်ပေးဖို့လည်း အမေရိကန်ဖက်က လိုလားနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG