သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလုပ် S-400 ဒုံးကျည် တူရကီကို တင်ပို့ပြီ


ရုရှားနိုင်ငံလုပ် S - 400 ဒုံးကျည်စနစ်ကို ရုရှားနိုင်ငံက မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ NATO အဖွဲ့ဝင် တူရကီနိုင်ငံကို စတင် ပေးပို့နေပြီ ဖြစ်ပါတယ်။ NATO အဓိက အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအတွင်း အတွင်း ရုရှား နည်းပညာ ထိုးဖောက်တော့မှာ ဖြစ်လို့ တူရကီနဲ့ အမေရိကန် ဆက်ဆံရေးကို ထိခိုက်မယ့် အန္တရာယ် ရှိနေပါတယ်။

သောကြာနေ့မှာ ရုရှား သယ်ယူ ပို့ဆောင်ရေး လေယာဉ်ဟာ ၂.၂ ဘီလျံ တန်ဖိုးရှိတဲ့ အဲဒီ ဒုံးကျည်စနစ် ပထမဆုံးအသုတ်ကို အင်ကာရာမြို့ အပြင်ဘက်က လေတပ် စခန်းကို ပေးပို့ ခဲ့တာပါ။

ဒီ ဒုံးကျည်စနစ်ကို တူရကီက အသုံးပြုရင် အမေရိကန်က သူ့ရဲ့ နောက်ဆုံးပေါ် F-35 တိုက်လေယာဉ်တွေကို ပေးပို့မှာ မဟုတ်ဘူးလို့ ခြိမ်းခြောက် ထားခဲ့ပါတယ်။ ဒီ လေယာဉ် အစိတ်အပိုင်း တစ်ချို့ကို ထုတ်လုပ်နေတဲ့ တူရကီ ကုမ္ပဏီတွေ ကန်ထရိုက် ရုပ်သိမ်းခံရမှာ ဖြစ်ပါတယ်။

ရုရှားရဲ့ ဒီ စနစ်ကဟာ တူရကီနိုင်ငံအတွင်းက NATO ရဲ့ ကာကွယ်ရေး စနစ်ကို အားပျော့စေနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ အမေရိကန်နိုင်ငံက ယူဆနေပါတယ်။

အမေရိကန် ယာယီ ကာကွယ်ရေး ဝန်ကြီး Mark Esper က "အဲဒီ S - 400 ဒုံးကျည်စနစ် ကို တူရကီက လက်ခံ ရယူနေတယ်လို့ သိရပါတယ်။ F-35 တိုက်လေယာဉ်တွေ မပေးတော့ဘူးဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်က မပြောင်းလဲပါဘူး။" လို့ ဆိုပြီး သတင်းထောက်တွေကို ပြောပါတယ်။ ကာကွယ်ရေး ဝန်ကြီး Mark Esper ဟာ တူရကီ ကာကွယ်ရေး ဝန်ကြီး Hulusi Akar နဲ့ မိနစ် ၃၀ ကြာ တယ်လီဖုန်းက တစ်ဆင့် ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

တူရကီက ဒီ ဒုံးကျည်စနစ်ကို ဝယ်ယူတာဟာ လိုအပ်လို့ ဝယ်ယူရတာ ဖြစ်တယ်လို့ တူရကီ ကာကွယ်ရေး ဝန်ကြီးက အမေရိကန် ကာကွယ်ရေး ဝန်ကြီးကို ပြောကြောင်း တူရကီ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားသလို တူရကီ ကာကွယ်ရေး ဝန်ကြီး Akar ကလည်း အမေရိကန်ရဲ့ Patriot လေကြောင်း ကာကွယ်ရေး စနစ်ကို ဝယ်ယူဖို့ကိုလည်း တူရကီအနေနဲ့ စဉ်းစားနေဆဲလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG