တူရကီနိုင်ငံမှာ အရှိန်အဝါအကြီးမားဆုံး Istanbul မြို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့အတွက် အာဏာရပါတီ AKP ဟာ သူတို့အပေါ် အမြင်မကြည်လင်တဲ့ Kurds လူမျိုးတွေရဲ့ ထောက်ခံမှုရရှိဖို့ ကြိုးပမ်းနေပါတယ်။ AKP ရဲ့ ရန်သူ Kurds အလုပ်သမားပါတီ PKK နဲ့ သင့်မြတ်ဖို့လဲ ရည်မှန်းနေပါတယ်။ ဒါပေမဲ့ သူတို့မျှော်လင့်သလို ဖြစ်နိုင်ပါ့မလား၊ VOA သတင်ထောက် Dorian Jones Istanbul မြို့က ပေးပို့တဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ဦးကျော်ဇံသာက ပြောပြပါမယ်။
တူရကီနိုင်ငံရဲ့ အကြီးဆုံးဖြစ်တဲ့ Istanbul မြို့ ရွေးကောက်ပွဲကို ဇွန် ၂၃ မှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အာဏာရ AKP ပါတီဟာ Kurds လူမျိုးတွေရဲ့ မဲရရှိဖို့ လိုအပ်နေပါတယ်။ ထောင်ကျခံနေရတဲ့ Kurds အလုပ်သမားပါတီ PKK ရဲ့ ခေါင်းဆောင် Abdullah Ocalan ကို သူ့ရှေ့နေတွေက သွားတွေ့ပြီး မေလက စပြီး အခုဆိုရင် ဒီလိုတွေ့ခဲ့တာ သုံးကြိမ်တောင် ရှိနေပါပြီ။
ဒီမတိုင်ခင်ကတော့ Ocalan ဟာ သူ့ရှေ့နေတွေကို တွေ့ခွင့်မရပဲ ရှစ်နှစ်လုံးလုံး ပိတ်လှောင်ခံနေရတာပါ။ အခု ရှေ့နေတွေကတဆင့် ထုတ်ပြန်လိုက်တဲ့ သူရဲ့ ကြေငြာချက်မှာ Ocalan က Kurds တွေနဲ့ Turks တွေဟာ အတူယှဉ်တွဲ နေနိုင်မှဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ Ocalan ကို အထီးကျန် ချုပ်နှောင်ထားမှု အဆုံးသတ်လိုက်ခြင်းဟာ PKK နဲ့ တူရကီ အစိုးရအကြား ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်စတော့မယ်ဆိုတဲ့ ထင်မြင်ချက်တွေ ကြီးထွားလာစေပါတယ်။
ဒီငြိမ်းချမ်းရေးဖြစ်စဉ် ရပ်ဆိုင်းသွားခဲ့တဲ့ ၂၀၁၅ ကစပြီး တူရကီနိုင်ငံအတွင်း Kurds လူမျိုးအများဆုံးနေထိုင်ရာ မြို့လယ်ခေါင်တွေပါမကျန် နှစ်ဘက်ကြားတိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေခဲ့တာပါ။ အခုတော့ တိုက်ခိုက်မှု ရပ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် စတင်ဖို့လမ်းစ တွေ့နိုင်တော့မယ်လို့ အမည်မဖော်လိုတဲ့ ဝါရင့် အနောက်တိုင် သံတမန်တဦးက ပြောပါတယ်။
ဒီလို ငြိမ်းချမ်းရေးဆွေးနွေးမှု ပြန်စနိုင်မယ့်ကိစ္စဟာ တူရကီနဲ့ ဖြစ်နေတဲ့ တင်းမာမှု လျော့ပါးရေး အလားအလာ ဖြစ်နိုင်တယ်လို့လည်း အမေရိကန်ဘက်က ရှုမြင်နေတာပါ။ အမေရိကန်အစိုးရဟာ YPG လို့ ခေါ်တဲ့ ဆီးရီးယားထဲက Kurds လက်နက်ကိုင်တွေကို ထောက်ခံနေတဲ့အတွက် ဒီ YPG တွေကို တူရကီကို ပုန်ကန်နေတဲ့ PKK ရဲ့ ကိုယ်ပွားအဖြစ်သတ်မှတ်ထားတဲ့ တူရကီအစိုးရနဲ့ ကဏ္ဍကောစ ဖြစ်နေခဲ့တာပါ။ အခုတော့ တူရကီရဲ့ ပါတီနိုင်ငံရေးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တွန်းအားပေးနေတဲ့ အခြေအနေစိုက်နေခဲ့ပါပြီ။
တူရကီနိုင်ငံမှာ အကြီးမားဆုံးနဲ့ လွှမ်းမိုးမှု အရှိဆုံး Istanbul မြို့ရဲ့ မတ်လ ရွေးကောက်ပွဲတုန်းက AKP ရှုံးနှိမ့်သွားတာဟာ Kurds လူမျိုးတွေရဲ့ ထောက်ခံမှု မရရှိခဲ့လို့ဘဲ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို ကြီးကြပ်သူ အရာရှိတချို့ အရည်အချင်း မပြည့်မီဆိုပြီး ပြန်လည်ကျင်းပမှာဖြစ်တဲ့အတွက် အာဏာရ AKP ကိုယ်စားလှယ် Binali Yildirim က Kurds အများစုနေထိုင်တဲ့ Diyarbakir မြို့မှာ အခုလို သူ မိန့်ခွန်းပြောခဲ့ပါတယ်။
"ကျနော့်ကို ထောက်ခံကြပါလို့ လူကြီးမင်းတို့ကို မေတ္တာရပ်ခံဖို့ ကျနော်ကို Diyarbakir ကို လာခဲ့တာပါ။ ဒီမြို့ဟာ အမြဲတမ်း ကျနော်တို့ဘက်မှာ ရှိနေခဲ့ပါတယ်။ အခုတကြိမ်လည်း ကျနော်တို့ဘက်မှာပဲ ရှိနေကြမှာပါ။"
ဒါ့အပြင် Yildirim က သူရောက်နေတဲ့ အဲဒီဒေသကိုလည်းပဲ Kurdistan လို့ ခေါ်ဝေါ်သုံးနှုန်းသွားပါတယ်။ တကယ်တော့ Kurdistan ဆိုတဲ့ အသုံးအနှုန်းကို တူရကီ သမ္မတ Erdogan က ပြီးခဲ့တဲ့ လအနည်းငယ်ကမှ ဝေဖန်ရှုံ့ချခဲ့ပြီး ဒီလို ခေါ်ဝေါသူတွေ တူရကီမှာ မနေနဲ့လို့တောင် ပြောခဲ့ပါသေးတယ်။
အခုလောလောဆယ်မှာ Kurds တွေရဲ့ ထောက်ခံမှုရအောင် ဘယ်လို ကြိုးပမ်းနေပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ချိန်ကစပြီး Kurds တွေ လှုပ်ရှားမှုကို စစ်ရေးအရရော၊ တရားဥပဒေအရပါ နှိပ်ကွပ်ခဲ့တာကို ပြန်ကြည့်မယ်ဆိုရင် ထောက်ခံမှုရနိုင်ပါ့မလားဆိုတာ သံသယ ရှိစရာပါပဲ။
Istanbul မြို့ Kadir Has တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးပညာရှင် Soli Ozel က သုံးသပ်ပါတယ်။
"သိပ် ထိရောက်ပါ့မလား ဆိုတာ ကျနော် သံသယ ရှိပါတယ်။ အခုဟာက ဖြစ်ဖြစ်မြောက်မြောက် မဟုတ်တဲ့အပြင် သိပ် နောက်ကျပြီ။ Too little too late ပါ။ တူရကီ လူထုဟာ မေ့လွယ်၊ ပျောက်လွယ်တယ်ဆိုတာ လူတွေ သိကြပါတယ်။ ဒါပေမဲ့ မတ်လ အကုန်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို အခုလိုချိန်မှာ မမှတ်မိတော့လောက်တဲ့အထိ မှတ်ဥာဏ် နည်းကြလိမ့်မယ် မဟုတ်ပါဘူး။"
Yildirim သွားရောက်မဲဆွယ်တဲ့ Diyarbakir မြို့က ရပ်ကွက်အများစုဟာ ၂၀၁၆ တုန်းက PKK နဲ့ အစိုးရတပ်တို့ အပြင်းအထန်တိုက်ပွဲ ဖြစ်တဲ့ဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရတာ ဖြစ်ပါတယ်။ Kurds လိုလားတဲ့ HDP ပါတီကလည်း Erdogan ရဲ့ AKP ပါတီနဲ့ လာမယ့် ရွေးကောက်ပွဲမှာ အပေးအယူ မလုပ်ဘူးလို့ ပြောထားတာပါ။
Ertugrul Kurkcu ဟာ HDP ပါတီရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီး ဖြစ်ပါတယ်။
"AKP ဟာ အဓိကပြသနာ ဖြစ်ပါတယ်။ ဒါဟာ Kurds တွေရဲ့ အမြင်ပါ။ တူရကီနိုင်ငံအတွက် အပြုသဘော အပြောင်းအလဲ တစုံတရာ လုပ်ဖို့ AKP အပေါ်ယုံကြည် စိတ်ချဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ သူတို့ပေးနိုင်တာက အာဏာရှင်စနစ်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ ပြဿနာတွေကို အာဏာရှင်စနစ်နဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ပိုလို့တောင် ဆိုးလာနိုင်ပါတယ်။"
တချိန်ထဲမှာပဲ Kurds တွေနဲ့ သင့်မြတ်ရေး ကမ်းလှမ်းမှုအပေါ် AKP ပါတီအတွင်းမှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိနေပြန်ပါတယ်။ တူရကီစစ်တပ်ကလည်း အိမ်နီးချင်း အီရတ်နိုင်ငံမှာ ရှိတဲ့ PKK စခန်းတွေကို ထိုးစစ်ကြီးတွေ ဆင်နွှဲနေပါတယ်။ ဒီထိုးစစ်တွေ ဆင်နွှဲတာဟာ Kurds တွေနဲ့ စေ့စပ်ရေးကို နှုတ်ဆိတ်သွားအောင် ရည်ရွယ်ပြီးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တူရကီ အကြီးတန်းသံတမန် တဦးက ရှင်းပြပါတယ်။
ဒါကြောင့်လည်း ကျွမ်းကျင်သူ Ozel က Kurds တွေကို သူတို့ရဲ့ နိုင်ငံရေးအင်အား ခိုင်မာတောင့်တင်းနေပြီး AKP ရဲ့ ငြိမ်းချမ်းရေးခြေလှမ်း အားပျော့တယ်ဆိုတာ ကောင်းကောင်းသဘောပေါက်ထားကြတယ်လို့ ယူဆနေကြောင်းပါတဲ့ ခင်ဗျာ။