သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံ စတင်နိုင်ရေး နိုင်ငံရေးမူဘောင် သုံးသပ်ဖို့ ဆွေးနွေး


၂၁ ရာစုပင်လုံ စတင်နိုင်ရေး နိုင်ငံရေးမူဘောင်သုံးသပ်ဖို့ ဆွေးနွေး(ထက်အောင်ခန့်)
၂၁ ရာစုပင်လုံ စတင်နိုင်ရေး နိုင်ငံရေးမူဘောင်သုံးသပ်ဖို့ ဆွေးနွေး(ထက်အောင်ခန့်)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတင်နိုင်ရေးအတွက် နိုင်ငံရေး မူဘောင်ပြင်ဆင်သုံးသပ်တဲ့ ဆွေးနွေးပွဲကို ဒီလ ပထမပတ်မှာ စတင်ဖို့ရှိနေပြီး ပြီးခဲ့တဲ့ရက်တွေက နေပြည်တော်ကိုလာရောက်ပြီး နိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဝနဲ့ မိုင်းလားအဖွဲ့တွေကတော့ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲနဲ့ ၂၁ရာစုပင်လုံကို တက်ရောက်မယ့် အလားအလာရှိနေပါတယ်။ တချိန်တည်းမှာပဲ ၂၁ရာစုပင်လုံညီလာခံ တက်ရောက်ရေးအတွက် ဆွေးနွေးဖို့ ကျန်ရှိနေတဲ့ တအာင်းခေါ် ပလောင်၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော် သတင်ပေးပို့ ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ အတွက် နိုင်ငံရေးမူဘောင် ဆွေးနွေးမယ့်ရက်ကို ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင် နဲ့ ဦးစိုင်းလင်းဆောင်းဆောင်တဲ့ မိုင်းလားခေါ် အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဖွဲ့ NDAA တို့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟို NRPC ရုံးမှာ တွေ့ဆုံအပြီး ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲကို ဒီလ ပထမပတ်မှာ စတင်ဆွေးနွေးကြဖို့ ရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှုး ဦးခင်ဇော်ဦး က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်ပဖို့အတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည် ပြင်ဆင်သုံးသပ်တဲ့အစည်းအဝေးကို ဒီ သြဂုတ်လ ပထမပတ်ရဲ့ ၇ ရက် ၈ ရက် ပတ်ဝန်းကျင်လောက်မှာ ကျနော်တို့ ကျင်းပဖို့ရှိပါတယ်။”

မိုင်းလားအဖွဲ့နဲ့ UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ဖွယ်ရှိကြောင်းလည်း ဦးခင်ဇော်ဦးက အခုလို ဆက်ပြောပါတယ်။

“ မူဘောင်ဆွေးနွေးပွဲတွေကို သူတို့ဆီက ကိုယ်စားလှယ်တွေစေလွှတ်ပြီးတော့မှ တက်ရောက် ပေးဖို့ ၊ ပြီးလို့ရှိရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကိုလည်း တက်ရောက်နိုင်ရေး နည်းလမ်းတွေရှာဖွေဖို့ဆိုပြီးတော့ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ညီလာခံကို တက်ရောက်ဖို့အတွက်လည်း သူတို့ စိတ်ဝင်စားပါတယ်။ ညီလာခံတက်ရောက်ဖို့အတွက်ကိုလည်း ဘယ်လိုတက်ရောက်လို့ရမလဲဆိုတာမျိုးပေါ့လေ အားလုံးပါဝင်တဲ့ ဒီညီလာခံကို တက်ရောက်ခွင့်ကိုလည်း ကျနော်တို့တွေ ညှိနှိုင်းပြီးတော့မှ နည်းလမ်းရှာဖွေပြီးတော့မှ ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ ကျနော်တို့ ဆွေးနွေးမှုရရှိခဲပါတယ်။ ကျနော့်အယူအဆကတော့ သူတို့ တက်လိမ့်မယ်လို့ ယူဆပါတယ်။ သူတို့ ဆန္ဒရှိပါတယ်။ ဘယ်အဆင့်တွေလွှတ်ရမှာလဲတို့ စသည်တို့ ဒီလိုမေးမြန်းတဲ့အတွက်ကြောင့် တက်နိုင်မယ်လို့ယူဆပါတယ်။ သို့သော်လည်း သူတို့က အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် သူတို့အဖွဲ့အစည်းအတွင်းမှာ ဆွေးနွေးညှိနှိုင်းပြီးတော့ အတည်ပြုချက်ယူရမယ့် သဘောမျိုးတို့ ယူဆပါတယ်။”

ဝနဲ့ မိုင်းလားကိုယ်စားလှယ်အဖွဲ့၂ဖွဲ့ဟာ ဇူလိုင်လ ၂၉ရက်နေ့မနက်ပိုင်းက နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခဲ့သလို မွန်းလွဲပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံကြခဲ့ပါတယ်။ ဇူလိုင်လ ၃၀ရက်နေ့မှာတော့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဝကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီး ဒီကနေ့မှာ မိုင်းလားအဖွဲ့တို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှုး ဦးခင်ဇော်ဦး တအာင်း ခေါ် ပလောင်၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေနဲ့လည်း ၂၁ရာစုပင်လုံမှာ ပါဝင်ရေးအတွက် မကြာခင်မှာတွေ့ဆုံဖို့ ရှိကြောင်း ပြောပါတယ်။

“ကိုးကန့်နဲ့ AA တို့နဲ့က ကျနော်တို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ သူတို့နဲ့တော်တော်လေးကို ကျနော်တို့ မူကြမ်းကို ကျနော်တို့ ညှိနှိုင်းနေပါတယ်။ မကြာခင်လည်း ကျနော်တို့ ထပ်သွားဖို့ရှိပါတယ်။ အဆင်ပြေစွာ ညှိနှိုင်းနိုင်မယ်လို့ ယူဆပါတယ်။”

သွားရောက်မယ့်ရက်ကို အတိအကျမသတ်မှတ်နိုင်သေးပေမဲ့ မိုင်းလားအဖွဲ့ အခြေစိုက်ရာ မိုင်းလားမြို့မှာ တွေ့ဆုံဖို့ အလားအလာရှိကြောင်းလည်း ပြောပါတယ်။

တအာင်း ခေါ် ပလောင်၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ပါဝင်လက်မှတ်ရေးထိုးဖို့ ဦးသိန်းစိန်အစိုးရအဖွဲ့က ဖိတ်ခေါ်တာမရှိခဲ့ပါဘူး။ ဒီလိုအဖွဲ့အစည်းအားလုံးမပါဝင်တာကြောင့် ကချင်၊ ကရင်နီ၊ မွန်နဲ့ SSA မြောက်ပိုင်းရှမ်းတပ်ဖွဲ့တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့ ပါဝင်လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အခြေစိုက်ရာ မိုင်ဂျာယန်မှာ NCA လက်မှတ်ထိုးတဲ့အဖွဲ့ ဂဖွဲ့နဲ့ မထိုးသေးတဲ့အဖွဲ့ ၈ဖွဲ့တို့ တွေဆုံဆွေးနွေးပြီး ၂၁ရာစုပင်လုံအရေး ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ပလောင်၊ ကိုးကန့်၊ UWSA ဝအဖွဲ့နဲ့ နာဂအဖွဲ့တွေ မတက်ရောက်ခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG