မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှု လျော့ပါးရေး အတွက် အဖိနှိပ်ခံရသူတွေနဲ့ အတူ အမေရိကန်ကရပ်တည်ပေးဖို့၊ အကူအညီတွေပေးဖို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က ကြီးမှုးကျင်းပတဲ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ အွန်လိုင်းကြားနာပွဲမှာ မြန်မာနိုင်ငံဘက်က တက်ရောက်ဆွေးနွေးသူတွေက တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ အကူးအပြောင်းကာလမှာ နိုင်ငံတွင်း ဘာသာရေး အဖိနှိပ်ခံရသူတွေရဲ့ အခြေနေနဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်လာဖို့ နောက်ခြေလှမ်းတရပ် (Burma in Transition: Next Steps to Advance Religious Freedom and Improve Conditions for Religious Victims) ဆိုတဲ့ ခေါင်းစဉ်နဲ့ လွှတ်တော်အမတ်တွေ၊ မီဒီယာတွေ အပါအဝင် အွန်လိုင်း လူထုဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။ ကော်မရှင် ဒုတိယဥက္ကဋ္ဌ မီယာ စိုလိုဗစ် (Meir Soloveichik) နဲ့ ကော်မရှင်နာမင်းကြီး Asif Mahmood တို့ မိန့်ခွန်းပြောကြားခဲ့တဲ့ ဒီဆွေးနွေးပွဲကို ကချင်ခရစ်ယာန်ခေါင်းဆောင်၊ ရိုဟင်ဂျာ RMCN ကွန်ယက် တည်ထောင်သူ Yasmin Ullah ၊ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO အမှုဆောင် ဒါရိုက်တာ Salai Za Uk Ling နဲ့ အစုလိုက်သတ်ဖြတ်မှု အဆုံးသတ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ (PAEMA) ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ အကြံပေး Jessica Olney တို့က ဦးဆောင် ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ ချင်း၊ ကချင်၊ ကယား ခရစ်ယာန်ဘာသာဝင်တွေ အပါအဝင် လူပေါင်း ၃ သန်းခွဲကျော်ဟာ စစ်ကောင်စီ ဖိနှိပ်မှုကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးနေရကြောင်းနဲ့ ၂၀၂၁ အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက် စစ်ရေးလုပ်ဆောင်မှုတွေမှာ ဘာသာရေး ခေါင်းဆောင်တွေ၊ အဆောက်အဦတွေ၊ အသိုင်းအဝိုင်းတွေကို ပစ်မှတ်ထားနေတာတွေ့ရပြီး၊ မတူကွဲပြားတဲ့ ဘာသာရေး အသိုင်းအဝိုင်းတွေအတွက် အကြမ်းဖက်မှုတွေနဲ့ ဆက်ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ (USCIRF) က အောက်တိုဘာလ ၃၁ မှာ ထုတ်ပြန်တဲ့ ၂၀၂၄ အစီရင်ခံသစ်မှာ ဖော်ပြထားတာပါ။
ကချင်ဘာသာရေးခေါင်းဆောင်က အမေရိကန်က ထရမ့်အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ရေရှည် ငြိမ်းချမ်းရေး အတွက် မြန်မာနိုင်ငံတွင်းက ဘာသာရေး ဖိနှိပ်မှုတွေ ရပ်တန့်အောင် အကာကွယ်ပေးဖို့ တောင်းဆိုခဲ့သလို ချင်းလူ့အခွင့်အရေး အဖွဲ့ကလည်း ဘာသာရေးလွတ်လပ်ခွင့် နဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ အမေရိကန်အနေနဲ့ အဖိနှိပ်ခံနေရတဲ့ မြန်မာနိုင်ငံက ဘာသာရေးအဖွဲ့တွေနဲ့ အတူ ရပ်တည်ပေးဖို့ ပန်ကြားခဲ့ကြပါတယ်။
Forum