သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံရေးခိုလှုံခွင့်


အမေရိကန် နိုင်ငံသား ဖြစ်ခွင့်ရလာသူများကို ကျမ်းသစ္စာကျိန်အပြီး တွေ့ရစဉ်
အမေရိကန် နိုင်ငံသား ဖြစ်ခွင့်ရလာသူများကို ကျမ်းသစ္စာကျိန်အပြီး တွေ့ရစဉ်

အမေရိကန်ပြည်ထောင်စုကို ရောက်လာကြသူ တွေထဲက၊ မိမိတို့မူလနိုင်ငံမှာ ညင်းပန်းနှိပ်စက် ခံခဲ့ရတာမျိုး ဒါမှမဟုတ် ကိုယ့်နိုင်ငံကိုပြန် သွားလို့ ညင်းပန်းနှိပ်စက် ခံရမှာကို စိုးရိမ်နေတာမျိုး ရှိခဲ့ရင်၊ သူတို့ရဲ့ ပြည်ဝင်ခွင့်ဆိုင်ရာ အခြေအနေတွေကို ထည့်မတွက်ပဲ အမေရိကန် နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထား နိုင်ပါတယ်။ မိမိတို့ မူလနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး၊ လူမျိုးစုအရ ခွဲခြား ဖိနှိပ် ဆက်ဆံခံနေရ တာမျိုး၊ နိုင်ငံရေးယုံကြည်ချက် ဒါမှမဟုတ် ကန့်သတ်ထားတဲ့ အသင်းဖွဲ့ တခုခုမှာ ပါဝင်နေတာမျိုး ဖြစ်ခဲ့ရင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထား နိုင်တယ်ဆိုပြီး အမေရိကန်ဥပဒေက ခွင့်ပြု ထားတာပါ။ ဒီအကြောင်း VOA သတင်းထောက် Aline Barros ရဲ့သတင်းလွှာကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် (၂)မျိုးရှိပါတယ်။ တမျိုးကတော့ ကိုယ့်တိုင်းပြည်ကိုပြန်လို့ ညင်းပန်းနှိပ်စက်ခံရမှာ စိုးရိမ်သူတွေ ဟာ အမေရိကန်နိုင်ငံကို ရောက်လာပြီး (၁)နှစ်အတွင်းမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားနိုင်ပါတယ်။ နောက်တမျိုး ကတော့ အမေရိကန်မှာ နေထိုင်ရင်း အကြောင်းတခုခုကြောင့် အဖမ်းခံရပြီး အမေရိကန် အစိုးရက သူ့ကို မူရင်းတိုင်းပြည် ပြန်ပို့ဖို့ အမိန့်ထုတ်တဲ့အခါ ဒါကိုကာကွယ်ဖို့ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားနိုင်ပါတယ်။

၂၀၁၃ နဲ့ ၂၀၁၅ အကြား ပျှမ်းမျှအားဖြင့် တနှစ်ကို လူပေါင်း(၂သောင်းခွဲ)လောက် အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် ရကြပါတယ်။ ပြန်ပို့ခံရမှာ စိုးလို့ ခိုလှုံခွင့်လျှောက်သူထက် ဖိနှစ်ခံရမှာစိုးလို့ လျှောက်ထားသူက နိုင်ငံရေးခိုလှုံခွင့် နှစ်ဆ ရကြပါတယ်။

ခိုလှုံခွင့်လျှောက်ထားသူတွေဟာ အမေရိကန်နိုင်ငံထဲမှာ ကိုယ်တိုင်ရှိနေဖို့လိုပါတယ်။ နိုင်ငံရေးခိုလှုံခွင့် လျှောက်ဖို့ အမေရိကန်နိုင်ငံ ဝင်ပေါက် တခုခုကို ရောက်လာသူကို လက်ရှိမူဝါဒအရ ဖမ်းဆီးခွင့်ရှိပါတယ်။ အဲဒီလို အဖမ်းခံရသူဟာ သူတို့အမှု တရားရုံးကို မရောက်မချင်း လပေါင်း များစွာ လဝက ထိန်းသိမ်းရေးစခန်းမှာ နေရမှာဖြစ်ပါတယ်။ Rosa Santana ဟာ ခိုလှုံခွင့်လျှောက်သူတွေကို ကူညီနေတဲ့ First Friends အဖွဲ့က ဖြစ်ပါတယ်။

အမေရိကားဟာ လူ အတော်များများအတွက် တခါးပိတ်ထားသလို ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံထဲ ဝင်လာချိန်မှာ သူတို့ ပထမဆုံး ရင်ဆိုင်လိုက်ရတာက ရှင်တို့ကို ဖမ်းဆီးမယ်- ဆိုတာပါပဲ။ သူတို့ ဘာတွေ ဖြတ်သန်းခဲ့ရတယ်၊ သူတို့ စိတ်ဒဏ်ရာ ဘယ်လို ရှိခဲ့မယ်ဆိုတာ ကျမတို့ မသိရခင်မှာ သူတို့ကို ထိန်းသိမ်းရေးစခန်းထဲ ထည့်လိုက်တာက နောက်ထပ် စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။

နယူးဂျာစီမြို့အခြေစိုက် First Friendsအဖွဲ့ဟာ နယူးဂျာစီပြည်နယ်ထဲက လူဝင်မှု ထိန်းသိမ်းရေး အချုပ်စခန်းတွေမှာရှိတဲ့ ခိုလှုံခွင့်လျှောက်ရင်း အဖမ်းခံနေရသူတွေကို လိုက်လံ တွေ့ဆုံပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

နိုင်ငံရေးခိုလှုံခွင့် ရလိုသူတွေဟာ အမေရိကန်နိုင်ငံထဲ ရောက်လာချိန်ကစလို့ တနှစ်အတွင်း လျှောက်ထားရမှာဖြစ်ပြီး၊ ဘာကြောင့် ခိုလှုံခွင့် တောင်းသလဲဆိုတဲ့ ထူးခြားတဲ့ အကြောင်းရင်းတွေကို အထောက်ထားနဲ့တကွ တင်ပြရမှာဖြစ်ပါတယ်။ လဝက အရာရှိ သို့မဟုတ် လဝက-တရားရုံးရဲ့ တရားသူကြီးက လျှောက်ထားသူဟာ သူ့တိုင်းပြည် ပြန်ရင် တကယ်ကို စိုးရိမ်ရတဲ့ အခြေနေမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို ယုံကြည် သွားအောင် သက်သေထူရမှာဖြစ်ပါတယ်။ နယူးယောက်မြို့မှာရှိတဲ့ ကွန်ဆာဗေးတစ် လှုပ်ရှားမှုအဖွဲ့ထဲက Judy Pepenella ကတော့ နိုင်ငံရေးခိုလှုံခွင့်ဟာ ခက်ခဲ့တဲ့ ကိစ္စဖြစ်တယ်လို့ VOA ကိုပြောပါတယ်။

ကျမအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လူတယောက်ဟာ ဒီတိုင်းပြည်ကနေ ထွက်သွားရမယ်..၊ နိုင်ငံသားလဲ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး ..၊ ဒီ အမေရိကားကနေလဲ မပြန်ချင်ဘူး ဆိုရင်တော့ အဲဒါက တကယ့်ပြသနာပဲ ။

နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူတွေကို ဖမ်းဆီး ထိန်းသိမ်းနေတဲ့နည်းကို သူ အယုံအကြည် မရှိဘူးလို့ ရီပတ်ဘလစ်ကင်ပါတီဝင် ကွန်ဆာ ဗေးတစ် တဦးဖြစ်တဲ့ Pepenella က ပြောပါတယ်။ လူတဦးချင်းစီအလိုက် ခိုလှုံခွင့်ပေးဖို့ ထိုက်တန်သလား ဆိုတာကိုပဲ ဆုံးဖြတ်သင့်တယ်လို့ သူက မြင်ပါတယ်။

သူတို့ဒီကို ရောက်လာတာနဲ့ပဲ အမေရိကန်နိုင်ငံသား ဖြစ်သွားမှာလား။ အမေရိကန် နိုင်ငံသား မဖြစ်ပဲ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေ အနေနဲ့ပဲ နေသွားမှာလား ။ ဒီနိုင်ငံကိုလာပြီး၊ နိုင်ငံသား ဖြစ်ချင်တယ်ဆိုရင်တော့ သူ့လုပ်ငန်းစဉ်အတိုင်း ဖြတ်သန်း ရမှာပဲ ၊ ကြီးမြတ်တဲ့ အမေရိကန်နိုင်ငံဖြစ်ဖို့ အထောက်အကူ ပြုဖို့တော့ လိုပါတယ်။

အမေရိကန်ရဲ့ နိုင်ငံရေးခိုလှုံခွင့်ပေးတဲ့ စနစ်ကို ပိုတင်းကြပ်တဲ့ စံနှုန်းတွေထားဖို့ သမ္မတ အိမ်ဖြူတော်က လိုလားနေပါတယ်။ ရှေ့နေချုပ် Jeff Sessions ကတော့ လက်ရှိ နိုင်ငံရေးခိုလှုံခွင့်စနစ်ဟာ အလွဲသုံးစား အလုပ်ခံရပြီး- အလိမ်ညာ ခံရမယ့် အခြေနေမျိုးမှာ ရှိနေတယ်လို့ ပြောပါ တယ်။ ဒါကို တင်းကြပ်ဖို့ လိုကြောင်း သူက ပြောနေတာပါ။လက်ရှိ လူဝင်မှု မူဝါဒတွေကြောင့် ယိုယွင်းနေတဲ့ တရားရေးစနစ်အပေါ် ခိုလှုံခွင့် လျှောက်ထားသူတွေက အခွင့်ကောင်း ယူနေကြပြီး၊ တနိုင်ငံလုံးမှာ ခိုလှုံခွင့် တောင်းခံသူ (၆)သိန်းလောက်ရဲ့ အမှုက ပုံနေတယ်လို့ သူက ထောက်ပြပါတယ်။

၂၀၁၇ မှာ သမ္မတ ထရမ့်အစိုးရ တက်လာပြီးနောက် ၂၀၁၆ နဲ့ ၂၀၁၇ ကြားဆုံးဖြတ်ရ ခက်နေတဲ့ ခိုလှုခွင့်လျှောက်ထားတဲ့ အမှုတွေကို အရင် ကထက် မြန်မြန်ဆန်ဆန် ဆုံးဖြတ်လာနိုင် တယ်လို့ဆိုပါတယ်။၂၀၁၇ စက်တင်ဘာ စာရင်းအရ လျှောက်ထားသူတွေ ထဲက ၄၃၀၀ နီးပါးကို စစ်ဆေးကြားနာခဲ့ပြီး ၁၅၀၀ ကျော်ကို နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်ပါတယ်။

ကွန်ဆာဗေးတစ် လှုပ်ရှားမှုအဖွဲ့က Pepenella ကတော့ လူတိုင်းဟာ လိမ်နေတယ်လို့ သူ့အနေနဲ့ မဆိုလိုချင်ကြောင်း၊ တိုင်းပြည်တခုခုမှာ မနေချင်တော့ပဲ ထွက်သွားချင်တဲ့ အကူအညီလိုအပ်နေသူတွေလည်း ရှိကြောင်း သူမကပြောပေမယ့် First Friends အဖွဲ့က Rosa Santana ကတော့ ခိုလှုံခွင့်တောင်းသူတွေဟာ ကြံရာမရ ဖြစ်နေကြသလို၊ စကားပြောကြည့်ရင် သူတို့ မလိမ်ဘူးဆိုတာ ယုံကြည်ကြောင်းပြောပါတယ်။ လူတွေဟာ သူ့တို့ဘဝအတွက် အန္တရာယ်တွေကို စွန့်စားရင်ဆိုင်နေကြတယ်လို့ သူမက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG