သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပချန်ပီယံလိဂ်ဖိုင်နယ် နဲ့ ပွဲကြိုခန့်မှန်းချက်


2017 UEFA CHAMPIONS LEAGUE
ဥရောပချန်ပီယံလိဂ်ဖလား နောက်ဆုံးဖိုင်နယ်
2017 UEFA CHAMPIONS LEAGUE ဥရောပချန်ပီယံလိဂ်ဖလား နောက်ဆုံးဖိုင်နယ်

ဥရောပချန်ပီယံလိဂ်ဖလား နောက်ဆုံးဖိုင်နယ်ကို စပိန်နိုင်ငံက ရီးယဲလ်မက်ဒရစ် နဲ့ အီတလီက ဂျူဗင်တပ်တို့ ဗြိတိန်နိုင်ငံ ကားဒစ်ဖ်မြို့မှာ ဒီကနေ့ ကစားကြမှာဖြစ်ပါတယ်။ လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းက ချန်ပီယံဘွဲ့ကို ၂ နှစ်ဆက်တိုက်ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်ဖို့ ကြိုးပမ်းနေသလို၊ ဂျူဗင်တပ်အသင်းကလည်း ဒီနှစ်မှာ ဖလား ၃ လုံးရဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ အမြင်တွေ နဲ့ ပြည်တွင်း အားကစားဆောင်းပါးရှင်တွေရဲ့ ဒီပွဲအပေါ် သုံးသပ်ချက်တွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။

ဥရောပချန်ပီယံလိဂ်ဖိုင်နယ်ကို ဗြိတိန်နိုင်ငံ ဝေလနယ်က ကာဒစ်ဖ်မြို့မှာ ဒီကနေ့ ဗိုလ်လုကြမှာပါ။ စပိန်က လက်ရှိဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ် နဲ့ အီတလီက ဂျူဗင်တပ်အသင်းတို့ ဗိုလ်လုကြမှာပါ။ ရီးယဲလ်နည်းပြ ဇီဒန်း သူ့ရဲ့အသင်းဟောင်း ဂျူဗင်တပ်နဲ့ ဒီဖိုင်နယ်ပွဲဟာ အကြိတ်အနယ်ဖြစ်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

“လူတိုင်းကတော့ ကျနော်တို့ဗိုလ်စွဲဖို့ ရေပန်းစားတယ်လို့ ပြောနေကြပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ဒါမျိုးမရှိပါဘူး။ ဒါကဖိုင်နယ်ပါ။ ဖိုင်နယ်မှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဂျူဗင်တပ်ရော ကျနော်တို့ရော ၂ သင်းစလုံး ဗိုလ်စွဲဖို့ အခွင့်အရေး ဆတူပါပဲ။”

ဂျူဗင်တပ်နည်းပြ မက်ဆီမီလီယာနို အလယ်ဂရီကတော့ - ဒီပွဲက ဂျူဗင်တပ်အသင်းအတွက် အရေးကြီးတဲ့စိန်ခေါ်မှုဖြစ်တယ်လို့ သောကြာနေ့ကလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ ဒီပွဲကို နိုင်ဖို့လိုပါတယ်။ နည်းစနစ်ပိုင်ရော၊ နည်းဗျူဟာပိုင်းရော ၊ အကောင်းဆုံးရှိနေဖို့လိုပါတယ်။ ကျနော်တို့ Cardiff ကိုအလည်သက်သက်လာတာမဟုတ်ပါဘူး။ ဒီဖလားကို အနိုင်ရပြီး၊ ချန်ပီယံအဖြစ်နဲ့ ပြန်သွားဖို့အတွက်ပါ။”

ရီးယဲလ်တိုက်စစ်မှူး Gareth Bale ကတော့ သူ့ရဲ့ Cardiff မြို့မှာ ကစားမယ့် ဒီဖိုင်နယ်ကိုကစားဖို့ မျှော်လင့်နေပေမယ့် နည်းပြဇီဒန်းကတော့ - Bale နဲ့ Isco ဘယ်သူ့ကို ရွေးရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ပြောပါတယ်။ ဂျူဗင်တပ်အသင်းဘက်ကတော့ ဒီပွဲမှာကစားသမား အားလုံး ပါမှာဖြစ်ပါတယ်။ ရီးယဲလ်အသင်းက ဥရောပချန်ပီယံလိဂ်ဖလားကို ၁၁ ကြိမ် နဲ့ အများဆုံးစံချိန်တင်ထားပြီး ၊ ဂျူဗင်တပ်အသင်းကတော့ ၂ ကြိမ် ဗိုလ်စွဲပြီး ၊ ၉၇၊ ၉၈ ၊ ၂၀၀၃ နဲ့ ၂၀၁၅ တွေမှာ ရှုံးနိမ့်ခဲ့တာပါ။ ဂျူဗင်တပ်ရဲ့ ဂိုးသမားကြီး ဘူဖွန်ဟာဆိုရင်လည်း ၂၀၀၃ နဲ့ ၂၀၀၅ တွေမှာ ဖိုင်နယ်တက်နိုင်ခဲ့ပေမယ့် ဒုတိယနဲ့ပဲ နှစ်သိမ့်ခဲ့ရတာကြောင့် ဒီတကြိမ်မှာတော့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ဖို့ မျှော်လင့်နေပါတယ်။ ဂျူဗင်တပ်နောက်တန်းလူ Dani Alves ကတော့ -

“ဘူဖွန်ဘောလုံးကစားတာကနေ မနားခင်မှာ သူနဲ့ အတူ ဒီဖလားကို ရလိုက်မယ်ဆိုရင် သမိုင်းမှာ မှတ်တမ်းတင်ကျန်ရစ်မှာပါ။ ဒါဆိုရင်တော့ ကျနော်အတွက်လည်း အရမ်းကို ထူးခြားမှာပါ။”

အခုနှစ် ချန်ပီယံလိဂ်ပွဲစဉ်တလျှောက်မှာ ရီးယဲလ်အသင်းက ပွဲတိုင်းဂိုးသွင်းနိုင်ခဲ့ပေမယ့် ပွဲစဉ်တလျှောက် ၁ ပွဲပဲ ဂိုးမပေးခဲ့ရပါဘူး။ ဂျူဗင်တပ်အသင်းကတော့ - ချန်ပီယံလိဂ်မှာ ၉ ပွဲနိုင် ၃ ပွဲသရေ နဲ့ ရှုံးပွဲမရှိထားတဲ့အသင်းဖြစ်သလို့ ပွဲစဉ်တလျှောကမှာလည်း ၃ ဂိုးပဲ ပေးထားရပါတယ်။ သူတို့ ၂ သင်း ၁၈ ကြိမ်တွေ့ဖူးတာမှာ ၈ ပွဲစီနိုင်ပြီး ၂ ပွဲ သရေကျထားပါတယ်။ ဒီပွဲအပေါ်မှာ ကမ္ဘာကျော်ဘောလုံးသမားကြီးတွေကရော ဘယ်လိုခန့်မှန်းပါသလဲ။ ပြင်သစ်နောက်တန်းလူဟောင်း မာဆယ် ဒက်ဆယ်လီကတော့ -

“နောက်ဆုံးမှာ ဘယ်သူနိုင်မယ်ဆိုတာတော့ ကျနော်တို့ သေချာမသိပါဘူး။ ဒါပေမဲ့ ကျနော်ထင်တာတော့ ဒီတကြိမ်မှာ ဂျူဗင်တပ်နိုင်မယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်တုန်းကတော့ သူတို့ကအဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမဲ့ အမှတ်ပေးချန်ပီယံဆု ၆ နှစ် ဆက်တိုက် ရပြီးတဲ့နောက်မှာတော့ ဒီတကြိမ်က နိုင်သင့်ပါတယ်။ တကယ်လို့ ဒီပွဲမှာ သူတို့ ဂိုးမပေးရဘူးဆိုရင် သူတို့နိုင်သွားနိုင်ပါတယ်။ ဒါပေမဲ့ ရှေ့တန်းမှာတော့ - အဆုံးအဖြတ်ပေးနိုင်တဲ့သူတွေရှိပါတယ်။ တကယ်လို့ စီရိုနာလ်ဒိုခြေစွမ်းပြတယ်ဆိုရင် သူ့ကိုဘယ်သူမှ မတားနိုင်ပါဘူး။ အဲဒီလိုမဟုတ်ရင်တော့ ဂျူဗင်တပ်ပဲနိုင်မှာပါ။ သူတို့မှာလည်း ဒီဘာလာ၊ အီဂွါရင်း၊ နဲ့ မန်ဇူးကစ် တို့လို ကစားသမားတွေပါပါတယ်။”

ပြင်သစ် နဲ့ အာဆင်နယ်ကစားသမားဟောင်း ရောဘတ်ပီရက်စ်ကတော့ - ၂ သင်းစလုံးဖိုင်နယ်ရောက်သင့်ပြီးတော့ ပွဲကောင်းတပွဲဖြစ်မယ်လို့ မျှော်လင့်ကြောင့်းပြောပါတယ်။ စပိန်နဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း လူးဝစ္စ်ဂါစီယာကတော့ - ပွဲကအကြိတ်အနယ်ဖြစ်ပြီး၊ ဂျူဗင်တပ်အသင်းက နောက်တန်းပိုကောင်းတာကြောင့် သူတို့ကိုတော့ ပိုကြိုက်ပါတယ်။ ပြီးတော့ ဘူဖွန်ချန်ပီယံလိဂ်ဖလားရတာကို မြင်ချင်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်နိုင်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံက အားကစားကလောင်ရှင်တွေကရော ဘယ်လိုခန့်မှန်းပါသလဲ

အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့်ကတော့ -

“ ဒီပွဲကို ဘယ်လိုခန့်မှန်းသလဲဆိုတော့ - ဒီပွဲကတော့ တသင်းမဟုတ်တသင်း စံချိန်သစ်တင်မယ့်ပွဲပေါ့ဗျာ။ ဥပမာ ဂျူဗင်တပ်ရလို့ရှိရင်၊ ဂျူဗင်တပ်က သူတို့အသင်းအတွက် ဒီနှစ်ဘောလုံးရာသီ ဖလား ၃ လုံးရမှမယ့် စံချိန်ပေါ့။ ရီးယဲလ်ရလို့ရှိရင်တော့ ရီးယဲလ်က ချန်ပီယံလိဂ်မှာ ပထမဆုံး ချန်ပီယံသရဖူကာကွယ်နိုင်တဲ့အသင်းဖြစ်မှာပေါ့ဗျာ။ ချန်ပီယံလိဂ်စတဲ့အချိန်ကစပြီးတော့ပေါ့။ ဆိုတော့ ကျနော်မြင်တာကတော့ ဒီပွဲမှာ ဂျူဗင်တပ်အသင်း ပွတ်ကာသီကာနိုင်သွားလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုပဲ သုံးသပ်ချင်ပါတယ် ဥပမာ ၂ ဂိုး ၁ ဂိုးလောက်နဲ့ပေါ့။”

ဒါ့အပြင် Soccer Follow ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုကျော်ကျော်မျိုးဟန်ရဲ့ အမြင်ကရော ဘယ်လိုပါလဲ။

“ကျနော်ကတော့ ဂျူဗင်တပ်ရဲ့ ဒီချန်ပီယံလိဂ်မှာ ၃ ဂိုးပဲပေးထားရတဲ့ နောက်တန်းကို တော်တော်လေးသဘောကျပါတယ်။ အဲဒါကြောင့် ဒီပွဲမှာတော့ ဂျူဗင်တပ် အနိမ့်ဆုံး သရေကစားမယ်ထင်ပါတယ်။ ၀ - ၀ ၊ ၁ - ၁ ပေါ့ ။ နိုင်ရင်တောင် ဂျူဗင်တပ်ကတောင် နိုင်သွားလောက်မယ် ထင်တယ်။ ၂ သင်းရဲ့ အနေအထားကိုကြည့်မယ်ဆိုရင်တော့ ၂ သင်းစလုံးက သူတို့ ထိန်းကန်ကြမှာလေ။ ကျနော်အမြင်ကတော့ ဒီပွဲမှာ ရီးယဲလ်က ဦးဆောင်ဂိုးရသွားရင်တောင် ရီးယဲလ်နိုင်ဖို့ဆိုတာ မလွယ်လောက်ဘူး။ ကျနော်ကတော့ ဒီပွဲ ရီးယဲလ်မနိုင်လောက်ဘူးလို့ထင်တယ်။ ဂျူဗင်တပ် ၁ ဂိုး ဂိုးမရှိ ၊ ဒါမှမဟုတ် ၁ ဂိုး ၁ ဂိုးပေါ့။ အဲဒီလိုထင်တယ်။”

ဂျူဗင်တပ်အသင်းက ဒီပွဲနိုင်ရင် ဒီနှစ်ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံ၊ ရှုံးထွက်ဖလား နဲ့ ဥရောပချန်ပီယံလိဂ်ဖလား ၃ ခုကို ရမှာဖြစ်ပြီး၊ ရီးယဲလ်အသင်းနိုင်ရင်တော့ ချန်ပီယံလိဂ်ဖလားကို ၁၂ ကြိမ်မြောက် အနိုင်ရတာဖြစ်သလို၊ ၂ နှစ် ဆက်တိုက် အနိုင်ရတဲ့ ပထမဆုံးအသင်းဖြစ်မှာပါ။ ဒါပေမဲ့ ဥရောပဖလားကို ချန်ပီယံလိဂ်အဖြစ်နဲ့ ပုံစံပြောင်းကျင်းပလာကတည်းက ဘယ်အသင်းကမှ ၂ နှစ် ဆက်တိုက်အနိုင်မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG