သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UK မှာ ကြိုတင်ပြင်ဆင်မှုနည်းခဲ့တဲ့အတွက် ကျန်းမာရေးဝန်ထမ်း အများအပြား သေဆုံး


UK ကျန်းမာရေးဝန်ထမ်းများ
UK ကျန်းမာရေးဝန်ထမ်းများ

(Zawgyi/Unicode)

ယူကေနိုင်ငံမှာ PPE ကာကွယ်ရေးဝတ်စုံတွေ အလုံအလောက်မရှိတဲ့အတွက် မြန်မာအထူးကု တဦး ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်ရပ်အပါအဝင် ဆရာဝန်၊ သူနာပြု ၅၀ နီးပါး ဗိုင်းရပ်စ် ကူးစက် သေဆုံးခဲ့ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ခေတ်မီဆေးဝါးကုသမှုတွေ ပေးနိုင်တဲ့ ယူကေ လိုနိုင်ငံကြီးမှာ အစိုးရအနေနဲ့ ကိုဗစ်ကပ်ရောဂါ အတွက် သေချာပြင်ဆင်နိုင်ခြင်းမရှိခဲ့တဲ့ ရလဒ်အဖြစ် ရှေ့တန်းက ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပါ ကူးစက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ လုံး၀ မဖြစ်သင့်ဘူးလို့ Leeds မြို့က ဆီးချိူ အထူးကု သမားတော် ဒေါက်တာ သက်ကိုကို က ဗွီအိုအေကိုပြောပါတယ်။

"အဓိကတော့ သူတို့ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါဘူး။သူတို့သိနေတာပဲလေ လာတော့မယ်ဆိုတာ အဲဒါကို သူတို့က ရန်သူကို လျော့တွက်ခဲ့လို့ပေါ့နော်။ ဒီလိုလာမယ်ဆိုတာ သိသိကြီးနဲ့ သေသေချာချာ မလုပ်ထားခဲ့ဘူး။ ပြီးလို့ရှိရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်က လာတဲ့ အချက်အလက်တွေကလည်း နည်းနည်း မှားနေတယ်ပေါ့။ အရေအတွက်ကို လျော့ပြောတဲ့ သဘောမျိုး ဖြစ်နေတယ်။ အဲဒီအတွက် ရန်သူကို အထင်သေးခဲ့တယ်။ ကြိုတင်ပြင်ဆင်ခဲ့ခြင်းမရှိခဲ့ဘူး။ test တွေကောင်းကောင်းမလုပ်ခဲ့ဘူး၊ quarantine တွေ သေသေချာချာမလုပ်ခဲ့ဘူး ။ ပြီးလို့ရှိရင် PPE လိုဝတ်စုံတွေကို ကိုယ့်ရဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လုံလုံလောက်လောက် မစုဆောင်းထားခဲ့ဘူး။ "

ပြီးခဲ့တဲ့ သီတင်းပတ်က COVID-19 ရောဂါကူးစက်ခံရပြီး သေဆုံးသွားတဲ့ ယူကေနိုင်ငံ ရက်ဒင်းမြို့က ပြန်လည် သန်စွမ်းမှုလေ့ကျင့်ရေး အထူးကု သမားတော် ဒေါက်တာ ပီတာခင်ထွန်း အသက် (၆၂) နှစ်ဆိုရင် သူ့ဆေးရုံမှာ mask နှာခေါင်းစည်းနဲ့ PPE ဝတ်စုံတွေ အလုံအလောက်မရှိတဲ့အတွက် လူနာကြည့်ချိန်မှာ တပ်ခွင့်မရခဲ့ပဲ၊ ရောဂါကူးစက်ခံရတဲ့ ဖြစ်ရပ်ကြုံတွေခဲ့ရပုံကို မိသားစုနဲ့ ခင်မင်ရင်းနှီးသူလည်းဖြစ်ပြီး ပြောပြခွင့်လည်းရှိတဲ့ ဒေါက်တာ သက်ကိုကိုက အခုလိုပြောပါတယ်။

"ဆရာက တကယ်က အရမ်းတော်ပါတယ်။ သူက neuro rehab ဆိုတဲ့ နေရာမှာ အလုပ်လုပ်ပါတယ်။ လေဖြတ်သူတွေ၊ ကားတိုက်ခံရသူတွေ၊ ကိုယ်လက် မလှုပ်ရှားနိုင်သူတွေကို ပြန်လည်ပျိုးထောင် ပြုစုတဲ့ဌာနမှာ သူကလုပ်ရပါတယ်။ သူကပြောတယ် ကိုဗစ်ရောဂါကူးစက်နေတဲ့အချိန် လူနာတွေကို ကြည့်တဲ့နေရာမှာ PPE လိုတယ်လို့ ပြောတယ်။ အဓိက mask ပေါ့နော်။ သူ့ကို ဆေးရုံကပြောတာက ကိုဗစ်လူနာကို ကြည့်တာမဟုတ်တဲ့အတွက် မပေးနိုင်ဘူးလို့ ပြောတဲ့အခါမှာ သူ PPE မရပဲနဲ့ လူနာကိုကြည့်လိုက်ရတဲ့အခါမှာ ဆရာက သူ့လူနာတွေဆီကနေ ကူးပြီးတော့ ကိုဗစ်ရောဂါ ရရှိပြီးတော့ နောက်ဆုံး အရမ်းကို အခြေအနေဆိုးပြီးတော့ အထူးကြပ်မတ်ဆောင်ကိုပို့ရပြီး နောက်ဆုံး စိတ်မကောင်းစရာပဲ အသက်ပါ ဆုံးရှုံးသွားပါတယ်။"

ဒေါက်တာပီတာခင်ထွန်းရဲ့ ဇနီးလည်း ကိုဗစ်ရောဂါကူးစက်ခံထားရပြီး၊ ဆေးရုံတင် ကုသမှု ခံယူ နေကြောင်း ဒေါက်တာ သက်ကိုကိုကပြောပါတယ်။

ဒေါက်တာပီတာခင်ထွန်းလိုပဲ ကိုဗစ်ရောဂါကူးစက်သေဆုံးခဲ့တဲ့ ဆရာဝန်၊ သူနာပြုပေါင်း ၅၀နီးပါး ရှိနေပြီး ယူကေ အစိုးရ ကျန်းမာရေးဝန်ထမ်း ၃၀% ကျော်ဟာ ဆေးခွင့်ယူထားရတယ်လို့ ဒေါက်တာ သက်ကိုကိုက ဆိုပါတယ်။

ယူကေမှာ PPE ကာကွယ်ရေးဝတ်စုံတွေ အလုံအလောက်မရှိတဲ့အတွက် နိုင်ငံတကာကနေ ဝယ်ယူနိုင်ဖို့ ကြိုးစားနေရာမှာ မနေ့ တနင်္လာနေ့က မြန်မာနိုင်ငံက ဝတ်စုံပေါင်း ၁၄၀၀၀၀ (တသိန်း လေးသောင်း) ကျော် ယူကေကို ရောက်ရှိခဲ့တယ်လို့ အစိုးရက ကြေညာသွားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဒေါက်တာသက်ကိုကိုရဲ့ အမြင်ကတော့

"ကျနော်တို့ ထင်တာကတော့ မြန်မာပြည်က contract ယူထားတဲ့ အထည်ချုပ်စက်ရုံတရုံကနေ ချုပ်ပေးတယ်လို့ ကျနော်တို့ ယူဆရပါတယ်။ ကျနော်တို့အနေနဲ့ မျှော်လင့်တာကတော့ ကျနော်တို့တွေ သုံးသင့်တဲ့နေရာမှာ ပိုသုံးခွင့် ရပါလိမ့်မယ်။ အဲဒီလိုနည်းအားဖြင့် ကျနော်တို့ NHS အစိုးရ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးရဲ့ အသက်တွေမဆုံးရှုံးအောင် အများကြီး အထောက်အကူ ပေးလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ "

ယူကေမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ မြန်မာတချို့ရှိနေပြီး ဒေါက်တာပီတာခင်ထွန်းအပါအဝင် အခြားပင်စင်စား အသက် (၇၀) ကျော်အရွယ် မြန်မာသမားတော် နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဒေါက်တာ သက်ကိုကိုကပြောပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာအသစ်အရေအတွက် ယူကေနိုင်ငံမှာ ကျဆင်းလာခဲ့ပေမယ့် lock down အိမ်မှာပဲနေဖို့နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ ယာယီပိတ်ထားတဲ့ ကာလကို မေလ (၅)ရက်နေ့အထိ ယူကေအစိုးရက ထပ်ပြီးတိုးချဲ့ခဲ့ပါတယ်။ ယူကေနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း တသိန်းနှစ်သောင်းကျော်နဲ့ သေဆုံးသူပေါင်း တသောင်းခြောက်ထောင်ကျော် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)












XS
SM
MD
LG