သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေးကြောင့် စားနပ်ရိက္ခာပြဿနာ ကြုံရမှာ ကုလသတိပေး


ပိုလန်-ယူကရိန်း နယ်စပ်အနီးက ဒုက္ခသည်ခိုလှုံရာနေရာတခုမှာ တွေ့ရတဲ့ ယူကရိန်း စစ်ဘေးဒုက္ခသည်များ။ (မတ် ၁၅၊ ၂၀၂၂)
ပိုလန်-ယူကရိန်း နယ်စပ်အနီးက ဒုက္ခသည်ခိုလှုံရာနေရာတခုမှာ တွေ့ရတဲ့ ယူကရိန်း စစ်ဘေးဒုက္ခသည်များ။ (မတ် ၁၅၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းနိုင်ငံက လူသားချင်းစာနာမှု အကျပ်အတည်းကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ငတ်မွတ်ခေါင်းပါးမှုကို ယူကရိန်းနိုင်ငံမှာ အကြီးအကျယ် ကြုံရနိုင်သလို ကမ္ဘာတလွှားမှာပါ ငတ်မွတ်ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုတွေ ကြီးထွားလာမယ့် အန္တရာယ် ရှိနေတယ်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က သတိပေးလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Lisa Schlein ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် တင်ပြပေးထားပါတယ်။

ရုရှားကျူးကျော်မှုကြောင့် သန်းနဲ့ချီတဲ့ ယူကရိန်းတွေဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးရပြီး ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းနေကြရကာ အစာရေစာတွေကိုလည်း ခက်ခက်ခဲခဲ ရှာဖွေစားသောက်နေရပါတယ်။

စစ်ကြောင့် လူပေါင်းများစွာ အငတ်ဘေးကြုံနိုင်ပြီး ကမ္ဘာ့စားနပ်ရိက္ခာ လုံလောက်မှုကိုလည်း ခြိမ်းခြောက်လာနေပါတယ်။ အထူးသဖြင့်တော့ အစာရေစာ ပြတ်လပ်နေတဲ့ နေရာတွေအတွက် အဓိကခြိမ်းခြောက်မှု ဖြစ်လာနေတယ်လို့ WFP ရဲ့ ယူကရိန်းဆိုင်ရာ အရေးပေါ် ကူညီဆောင်ရွက်ရေးအရာရှိ Jakob Kern က ပြောပါတယ်။

WFP အနေနဲ့ လူ ၃ သန်းကို တလစာကျွေးဖို့ စုဆောင်းပြင်ဆင်ထားတယ်လို့ ပိုလန်နိုင်ငံ Krakow မှာရှိတဲ့ WFP ဒေသဆိုင်ရာရုံးကနေ Jakob Kern က ပြောပါတယ်။

“ယူကရိန်းရဲ့ အစားအစာ သယ်ယူဖြန့်ဝေတဲ့ စနစ်ဟာ တစစီ ပျက်စီးသွားပါတယ်။ ကုန်စည်စီးဆင်းမှုတွေဟာ နှေးကွေးသွားပြီး Dnipro, Mariupol, Sumi လို မြို့တွေမှာ လုံခြုံမှုမရှိတဲ့အတွက် ကုန်တင်ယာဉ်မောင်းသမားတွေဟာလည်း မမောင်းရဲကြပါဘူး။ WFP အနေနဲ့ အဝိုင်းခံထားရတဲ့မြို့တွေ အနီးအနားမှာ အစားအစာတွေ အမြောက်အမြား ကြိုတင်စုဆောင်းထားပြီး ကူညီလုပ်ဆောင်ပေးနေတဲ့ တခြားအဖွဲ့အစည်းတွေ၊ မြို့အုပ်ချုပ်ရေးဌာနတွေကနေ တဆင့် ဖြန့်ဝေပေးသွားဖို့ လုပ်ဆောင်ထားပါတယ်။”

ပင်လယ်နက် ကမ်းရိုးတန်းဒေသဟာ ဥရောပရဲ့ ပေါင်မုန့်ထွက်ရာဒေသလို့ ကျော်ကြားပါတယ်။ ဒီဒေသဟာ အရေးပါတဲ့ စိုက်ပျိုးရေးကုန်ထုတ်ဒေသဖြစ်ပြီး ကမ္ဘာ့ဂျုံနဲ့ နှံစားသီးနှံ ကုန်သွယ်ရာ အဓိကလမ်းကြောင်း ဖြစ်ပါတယ်။ ရုရှားက ပင်လယ်နက်အတွင်း သင်္ဘောအစင်း ၃၀၀ ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

လောင်စာဆီဈေးနဲ့ စားသောက်ကုန်ဈေးတွေ မြင့်တက်နေတဲ့အတွက် သန်းနဲ့ချီတဲ့ ယူကရိန်းပြည်သူတွေ အငတ်ဘေး ကြုံရနိုင်ပါတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကတိုက် နိုင်ငံတွေကိုလည်း အစာရေစာ ပြတ်လပ်မှုနဲ့ ကြုံနိုင်တယ်လို့ WFP ယူကရိန်းဆိုင်ရာ တာဝန်ရှိသူ Jakob Kern က ပြောပါတယ်။

“ယူကရိန်းပဋိပက္ခရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ တကမ္ဘာလုံးကို အစာရေစာပြတ်လပ်မှု၊ ငတ်မွတ်မှုလှိုင်း ရိုက်ခတ်နိုင်ပါတယ်။ ရုရှားနဲ့ ယူကရိန်းဟာ ကမ္ဘာ့ဂျုံကုန်သွယ်ရေးရဲ့ ၃၀ ရာခိုင်နှုန်း ရှိပါတယ်။ အခုတော့ ဒီဂျုံတင်ပို့မှုတွေဟာ ရပ်တန့်နေပါတယ်။ ယူကရိန်းဟာ ကမ္ဘာ့ဂျုံထုတ်လုပ်တင်ပို့မှု ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကျိုးသက်ရောက်မှုဟာ ကြီးမားပါတယ်။”

ဥပမာအနေနဲ့ အီဂျစ်နိုင်ငံရဲ့ ဂျုံ ၈၀ ရာခိုင်နှုန်းဟာ ယူကရိန်းကနေ တင်သွင်းတာပါ။ လက်ဘနွန်နိုင်ငံရဲ့ ဂျုံ ၅၀ ရာခိုင်နှုန်းဟာ ယူကရိန်းက လာတာပါ။ ဒါ့အပြင် တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ယီမင် စတဲ့နိုင်ငံတွေဟာ ယူကရိန်းရဲ့ဂျုံကို မှီခိုအားထားနေရတာပါ။ အခုတော့ ဒီနိုင်ငံတွေအနေနဲ့ ဂျုံကို တခြားနေရာကနေ ရှာရပါတော့မယ်။ ဒါကြောင့် အစားအစာဈေးတွေ ထပ်တက်ကုန်ဦးမှာပါလို့ ယူကရိန်းဆိုင်ရာ WFP တာဝန်ရှိသူ Jakob Kern က ဆက်လက်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)

ယူကရိနျးအရေးကွောင့ျ စားနပျရိက်ခာပွူနာ ကွုံရမှာ ကုလသတိပေး










XS
SM
MD
LG