သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ယူကရိန်း သမ္မတရွေးကောက်ပွဲ ဟာသသရုပ်ဆောင် Zelenskiy အသာစီးရနေ


ဟာသသရုပ်ဆောင် Zelenskiy

ယူကရိန်း နိုင်ငံမှာ တနင်္ဂနွေနေ့က ဒုတိယ အကျော့ ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲကနေ မဲပေးသူတွေကို ကောက်ယူထားတဲ့ စစ်တမ်း အရတော့ ဟာသ သရုပ်ဆောင် Volodymyr Zelenskiy က လက်ရှိ သမ္မတ Petro Poroshenko ကို ပြတ်ပြတ်သားသား အနိုင်ရကြောင်း ဖော်ပြနေပါတယ်။

လူကြိုက်များတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ သမ္မတ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Zelenskiy က ထောက်ခံမဲ ၇၃ ရာခိုင်နှုန်း ရတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။ နိုင်ငံရေး အတွေ့အကြုံ မရှိသူ အသက် ၄၁ နှစ် အရွယ် Zelenskiy က လက်ရှိ သမ္မတ Poroshenko ကို ပြတ်ပြတ်သားသား အနိုင်ရတယ်ဆိုပြီး စစ်တမ်းက ဖော်ပြတာပါ။

ယူကရိန်း နိုင်ငံ အရှေ့ပိုင်းမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေတာတွေ၊ နောက် စီးပွားရေးမှာ အားမရမှုတွေနဲ့ အဂတိလိုက်စားမှုတွေ အပေါ် မဲဆန္ဒရှင်တွေရဲ့ အလိုမကျမှုတွေ ပေါ်ပေါက်နေတဲ့ အတောအတွင်း Zelenskiy ရဲ့ သမ္မတ ၀င်ရွေးဖို့ စွန့်စားမှုက အရှိန်ကောင်းခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက မြို့တော် Kyv ရဲ့ အိုလံပစ် အားကစားရုံမှာ သမ္မတ ကိုယ်စားလှယ်လောင်းတွေရဲ့ ရုပ်သံ စကားစစ်ထိုးပွဲ မတိုင်ခင် နာရီပိုင်း အလိုမှာဘဲ သမ္မတ Poroshenko က ထောက်ခံသူတွေ များလာရေး အတွက် မြို့တော်ရဲ့ လွတ်လပ်ရေး ရင်ပြင်မှာ လူထု စည်းဝေးပွဲ လုပ်ခဲ့ပါတယ်။ Zelenskiy သာ အနိုင်ရသွားမယ်ဆိုရင်တော့ ရုရှားသမ္မတ Valdimir Putin ရဲ့ အသုံးချခံ ဖြစ်သွားလိမ့်မယ်လို့ အသက် ၅၁ နှစ် အရွယ် သမ္မတ Poroshenko က ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေကို ပြောဆိုခဲ့တာပါ။

Zelenskiy အနိုင်ရခဲ့မယ်ဆိုရင် ဥရောပ သမဂ္ဂ EU မှာ ယူကရိန်း ပါဝင်ခွင့်ရရေး အခွင့်အလမ်းကိုလည်း လမ်းချော်သွားစေနိုင်တယ်လို့လည်း သမ္မတက ပြောပါတယ်။ Zelenskiy ကတော့ သမားရိုးကျ နိုင်ငံရေး စည်းရုံးမှုတွေကို ရှောင်ကျဉ်ခဲ့ပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်း အများစုကို ငြင်းပယ်ခဲ့ပြီး သူ့ရဲ့ ဟာသရှိုးပွဲတွေနဲ့ဘဲ နိုင်ငံတ၀န်းကို လှည့်လည်ခဲ့ပါတယ်။ မီဒီယာကို ပြောဆိုမှုတွေမှာလည်း သူ့အနေနဲ့ EU ၊ NATO တို့နဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ နောက် နိုင်ငံ အရှေ့ပိုင်းက သူပုန်တွေနဲ့ ပြန်လည် ပေါင်းစည်းနိုင်ရေး ပိုပြီး အားထုတ်ကြိုးပမ်းဖို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG