သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းခရီးသည်တင်လေယာဉ် ဒုံးကျည်မှန်တာမဟုတ်ကြောင်း အီရန်ငြင်းဆို


ပျက်ကျယူကရိန်းခရီးသည်တင်လေယာဉ်ပေါ် သွားသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်
ပျက်ကျယူကရိန်းခရီးသည်တင်လေယာဉ်ပေါ် သွားသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်

(Zawgyi/ Unicode)

ယူကရိန်းခရီးသည်တင်လေယာဉ်ကို တီဟီရန်မြို့အပြင်မှာ ပစ်ချလိုက်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကို အီရန်က ငြင်းဆိုလိုက်ပြီး အမေရိကန်နဲ့ ကနေဒါတို့အနေနဲ့ လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည် ၁၇၆ ယောက်စလုံး သေဆုံးခဲ့ရတဲ့ အဲဒီဖြစ်စဉ်ကို သက်သေပြနိုင်ရင် ပြကြဖို့ ပြောကြားလိုက်ပါတယ်။

လေယာဉ်ကို ဘယ်ဒုံးကျည်နဲ့ပစ်ခဲ့ခြင်းမရှိဘူးဆိုတာကိုတော့ သူတို့အနေနဲ့ အတည်ပြု ပြောကြားလို့ရကြောင်း အီရန် မြို့ပြလေကြောင်း ဦးစီးဌာနအကြီးအကဲ Ali Abedzadeh က တီဟီရန်မြို့မှာ သောကြာနေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

အမေရိကန်နဲ့ ကနေဒါတို့က အဲဒီလေယာဉ်ကို အီရန်က မှားယွင်းပြီး ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုနေတာကြောင့် အဲဒီလို ပစ်ခတ်ကြောင်း တွေ့ရှိထားချက်တွေကို ကမ္ဘာ့စံချိန် စံညွန်းတွေနဲ့အညီ လာပြကြပါလို့လည်း Abedzadeh က ပြောပါတယ်။

လေယာဉ်ဘာကြောင့် ပျက်ကျတယ်ဆိုတာကို ဒီကနေ့ စနေနေ့မှာ ကြေညာမယ်လို့ အီရန်အစိုးရအာဘော်တပိုင်းဖြစ်တဲ့ Fars သတင်းဌာနက သောကြာနေ့မှာ ပြောပါတယ်။ လေကြောင်းမတော်တဆမှုဆိုင်ရာ ကော်မရှင်ရဲ့ စည်းဝေးပွဲအပြီးမှာ ကြေညာသွားမှာဖြစ်ကြောင်း ယုံကြည်ရတဲ့ သတင်းအရင်းမြစ်ကို ကိုးကားပြီး Fars သတင်းမှာ ဖော်ပြထားပါတယ်။

လေယာဉ်ပျံသန်းမှုခရီးစဉ်မှတ်တမ်း Black Box မှာပါတဲ့ အချက်အလက်တွေကို ပြန်လည် ရယူနိုင်ဖို့ တလကျော်ကြာနိုင်တယ်လို့ အီရန်စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲ Hassan Rezaeifar က ပြောပါတယ်။ သူတို့ချည်းဘဲ အချက်အလက်တွေကို ပြန်လည် ဖော်ထုတ်ယူလို့မရခဲ့ရင် နိုင်ငံတကာက ကျွမ်းကျင်သူတွေရဲ့ အကူအညီကို တောင်းဆိုကောင်း တောင်းဆိုမယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ သောကြာနေ့က တယ်လီဖုန်းနဲ့ စကားပြောခဲ့တဲ့ ယူကရိန်းသမ္မတ Voldymyr Zelenskiy ကတော့ အဲဒီ ခရီးသည်လေယာဉ် ဒုံးကျည်နဲ့ ပစ်ချခံရတယ်ဆိုတဲ့ အယူအဆကို ပစ်ပယ်ထားခြင်းမရှိသလို အဲဒီလို အပစ်ခံရတယ် ဆိုတာကိုလည်း အတည်ပြုလို့ မရနိုင်သေးကြောင်း ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုတွေမှာ အမေရိကန်အစိုးရဘက်က အပြည့်အ၀ ကူညီပေးသွားဖို့ အစဉ်သင့်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Pompeo က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


............................


(Unicode)







XS
SM
MD
LG