သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ခရီးသည်တင်လေယာဉ် အီရန်မှာ ပျက်ကျ


(Zawgyi / Unicode)

အီရန်နိုင်ငံ ၊ တီဟီရန်မြို့တော် လေယာဉ်ကွင်းကနေ ပျံတက်လာပြီး မကြာခင်မှာပဲ ပျက်ကျသွားခဲ့တဲ့ ယူကရိန်း နိုင်ငံတကာလေကြောင်းပိုင် လေယာဉ်ပေါ်မှာ လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskiy က ဒီကနေ့ပဲ အတည်ပြု ပြောဆိုလိုက်ပါတယ်။

ခရီးသည် ၁၆၇ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၉ ဦး လိုက်ပါလာတဲ့ လေယာဉ်ဟာ Kyiv မြို့ကို ဦးတည်ပျံသန်းဖို့ လေဆိပ်က ထွက်ခွာလာချိန်မှာ ပျက်ကျခဲ့တာဖြစ်ကြောင်း ယူကရိန်းဝန်ကြီးချုပ်ကလည်း ပြောဆိုခဲ့တာပါ။

လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ အီရန်အစိုးရပိုင် သတင်းကတော့ စက်ချို့ယွင်းမှုကြောင့် ဖြစ်နိုင်ကြောင်း ပြောဆို ထားပေမဲ့ တရားဝင်တော့ အတည်မပြုရသေးပါဘူး။ ယူကရိန်း နိုင်ငံတကာလေကြောင်း လိုင်းရဲ့ ဥက္ကဋ္ဌ Yevhen Dykhne ကတော့ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ လေကြောင်းလိုင်းမှာ အကောင်းဆုံး လေယာဉ်တစင်းဖြစ်သလို၊ လေယာဉ် ဝန်ထမ်းတွေဟာလည်း ထူးချွန်ပြီး အားကိုးရတဲ့သူတွေဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုခဲ့တာပါ။

ဒီကနေ့ လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့ပြီးနောက် အီရန်နိုင်ငံကို ပြေးဆွဲနေတဲ့ ခရီးစဉ်တွေကိုလည်း လေကြောင်းလိုင်းက အကန့်အသတ်မရှိ ရပ်နားလိုက်ပါတယ်။ သေဆုံးသူတွေထဲမှာတော့ အီရန်နိုင်ငံက ၈၂ ယောက် ကနေဒါက ၆၃ ယောက်၊ ယူကရိန်းက ၁၁ ယောက်၊ ဆွီဒင်က ၁၀ ယောက်၊ အာဖဂနစ္စတန်နိုင်ငံက ၄ ယောက်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတို့က ၃ ယောက်စီ ဖြစ်ကြောင်းလည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Vadym Prystaiko က အတည်ပြုခဲ့တာပါ။

သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ပျက်ကျမှုကို ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ လေယာဉ် ထုတ်လုပ်တဲ့ Boeing ကလည်း ပျက်ကျမှုနဲ့ ပတ်သက်လို့ အချက်အလက်တွေ စုဆောင်းနေကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


........


(Zawgyi / Unicode)





XS
SM
MD
LG