ယူကရိန်းစစ်အကြောင်းပြချက်နဲ့ တရုတ်က ဒရုန်းပြည်ပတင်ပို့မှု ကန့်သတ်
တရုတ်နိုင်ငံမှာခရီးရှည်သွားနိုင်တဲ့ အရပ်ဖက်သုံး မောင်းသူမဲ့ ဒရုန်းလေယာဉ်ငယ်တွ ပြည်ပတင်ပို့မှုအပေါ် ကန့်သတ်ချက်တွေ ချမှတ်လိုက်ပါတယ်။ မောင်းသူမဲ့ယာဉ်တွေကို ရုရှား-ယူကရိန်းစစ်ပွဲမှာ စစ်ရေးအရ ပြောင်းလဲအသုံးပြုလာမှာကို စိုးရိမ်လို့ ဒီလို ကန့်သတ်လိုက်ကြောင်း ပြောပါတယ်။ ဒရုန်းကို ပို့ကုန်အဖြစ် ဆက်လက်ခွင့်ပြုမှာ ဖြစ်ပေမယ့်ကန့်သတ်ချက်တွေ ထားမှာ ဖြစ်ပါတယ်။
"စစ်ပွဲရည်ရွယ်ချက်" အတွက် ဒရုန်းတွေအသုံးပြုတာကိုဟန့်တားနိုင်ဖို့ အခု ထိန်းချုပ်တဲ့အမိန့်ဟာ အင်္ဂါနေ့မှာပဲ စတင် အသက်ဝင်မှာဖြစ်ကြောင်း တရုတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
“စွမ်းဆောင်ရည်မြင့် အရပ်ဖက်သုံး မောင်းသူမဲ့ ဒရုန်းယာဉ်အချို့ကို စစ်ဘက်ဆိုင်ရာအသုံးပြုလာနိုင်မယ့်အန္တရာယ်က အဆက်မပြတ် တိုးလာနေတယ်” လို့ ဆိုပါတယ်။
ထိန်းချုပ် မှောင်းနှင်သူတွေရဲ့ သဘာဝမျက်စိနဲ့မြင်နိုင်တဲ့အကွာအဝေးထက် ကျော်လွန်ပျံသန်းနိုင်တဲ့ဒရုန်းတွေ၊ ဒါမှမဟုတ် မိနစ် ၃၀ ထက်ပိုပြီး အမြင့် ပျံသန်းနိုင်တဲ့ ဒရုန်းတွေ၊ ပူးတွဲပါ အရာဝတ္ထုတွေကို ပစ်ချနိုင် ပြီး အလေးချိန် ၁၅ ပေါင်ခွဲထက်ပိုတဲ့ ဒရုန်းတွေအပေါ် ကန့်သတ်ချက်တွေကသက်ရောက်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မောင်းသူမဲ့လေယာဉ်တွေ တီထွင်ထုတ်လုပ်တင်ပို့ရောင်းချတဲ့ ထိပ်တန်းနိုင်ငံပါ။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့အစိုးရဟာ ရုရှားအစိုးရနဲ့ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ထားပေမယ့် ၁၈ လကြာလာပြီဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော် စစ်ပွဲမှာတော့ ကြားနေ ရပ်တည်ကြောင်းကြေညာထားပါတယ်။ တဖက်မှာလည်း စစ်ပွဲအတွင်း ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးတွေမှာ နှစ်ဖက်စလုံးက တရုတ်လုပ် ဒရုန်းတွေကိုအသုံးပြုနေနိုင်တယ်လို့ သတင်းတွေ ထွက်နေချိန်ဖြစ်ပါတယ်။
ဒါပေမယ့် ဒါကို တရုတ်အစိုးရကငြင်းဆိုပြီး "ယူကရိန်းစစ်ပွဲဖြစ်ကတည်းက တရုတ်အရပ်ဖက်မောင်းသူမဲ့လေယာဉ်ကုမ္ပဏီတချို့ဟာ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ သူတို့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ဆန္ဒအလျောက် ရပ်ဆိုင်းထားတယ်" လို့ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အမေရိကန်နဲ့ အနောက်တိုင်းမီဒီယာတွေက တရုတ်မောင်းသူမဲ့လေယာဉ်တင်ပို့မှုနဲ့ပတ်သက်ပြီး “မှားယွင်းတဲ့သတင်းတွေ” ဖြန့်နေတယ်လို့လည်း ပြန်လည် စွပ်စွဲခဲ့ပါတယ်။
တရုတ်ဟာ ရုရှားအပေါ် စစ်ရေးအသုံးပြုနိုင်တဲ့ပစ္စည်းတွေပေးနေတယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာရဲ့ဖော်ပြချက်ကိုလည်းငြင်းဆိုပြီး ရုရှားနဲ့ ဆက်ဆံရေးက ပုံမှန်စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုအဖြစ် တရုတ်ဘက်က ခုခံကာကွယ်ထားပါတယ်။
ဒါပေမယ့် အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာကတော့ ရုရှားအကောက်ခွန် ဒေတာ အချက်အလက်တွေကိုကိုးကားပြီး တရုတ်အစိုးရပိုင် စစ်ဘက် ကန်ထရိုက်တာတွေဟာ မောင်းသူမဲ့လေယာဉ်တွေ လမ်းကြောင်းပြကိရိယာတွေ၊ တိုက်လေယာဉ်အစိတ်အပိုင်းတွေနဲ့ အခြားကုန်ပစ္စည်းတွေကို ထောက်ပံ့ပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။