သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ဆွေးနွေးဖို့ တိုက်တွန်းချက် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပယ်ချ


ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba (နိုဝင်ဘာ ၂၊ ၂၀၂၃)
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba (နိုဝင်ဘာ ၂၊ ၂၀၂၃)

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ ဆက်ရှိနေချိန်မျိုးမှာ ရုရှား−ယူကရိန်း နှစ်နိုင်ငံကြား တွေ့ဆုံ ဆွေးနွေးကြဖို့ဆိုတဲ့ ဘယ်လို တိုက်တွန်းချက်မျိုးကိုမှ လက်မခံ ပယ်ချကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်းက ရုရှားနဲ့ စေ့စပ်ညှိနှိုင်းသင့်တယ်လို့ တိုက်တွန်းနေသူတွေဟာ အခြေအနေမှန်ကို သေချာမသိတာမျိုး၊ လှည့်စားချင်တာမျိုး ဒါမှမဟုတ် ရုရှားဘက်က ကြီးမားတဲ့ထိုးစစ်တွေ မလုပ်ခင်မှာ သမ္မတပူတင် အချိန်ရသွားအောင် လုပ်ပေးရာရောက်နေတယ်လို့ ဝန်ကြီး Kuleba က သူ့ရဲ့ X ဆိုရှယ်မီဒီယာမှာ ရေးသားထောက်ပြပါတယ်။ ယူကရိန်းအနေနဲ့ အဲဒီလို ထောက်ချောက်ထဲ ဆင်းသွားမှာမဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ စိတ်ဝင်စားကြောင်း ရုရှားအစိုးရက ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းမြေပေါ်မှာ ဝင်သိမ်းထားတဲ့ နယ်မြေတွေကနေ ရုရှားတပ်တွေအားလုံး ပြန်မရုပ်သိမ်းသရွေ့ ရုရှားနဲ့ စေ့စပ်ဆွေးနွေးလိမ့်မှာ မဟုတ်ဘူးလို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

၂၀၁၄ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကြားကာလအတွင်း ယူကရိန်း−ရုရှား ဆွေးနွေးမှုပေါင်း အကြိမ် ၂၀၀ လောက်ရှိခဲ့ပြီး အဲဒီထဲမှာ အပစ်ရပ်သဘောတူဖို့ အကြိမ် ၂၀ ပါဝင်ခဲ့ပေမယ့်ဘယ်လိုဆွေးနွေးမှုမျိုးကမှ ရုရှားရဲ့ကျူးကျော်စစ်ကို တားဆီးနိုင်ခဲ့ခြင်းမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Kuleba က ကြာသပတေးနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG