သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒရုန်း ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်ဖို့ ယူကရိန်းစီစဉ်


ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ယူကရိန်းတိုက်ခိုက်ရေး ဒရုန်းယာဥ်တစင်းကို ရုရှားဘက်က ပစ်ချပြီးနောက် တွေ့ရတဲ့ မီးခိးလုံးများ။ (သြဂုတ်လ ၁၁၊ ၂၀၂၃)
ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ယူကရိန်းတိုက်ခိုက်ရေး ဒရုန်းယာဥ်တစင်းကို ရုရှားဘက်က ပစ်ချပြီးနောက် တွေ့ရတဲ့ မီးခိးလုံးများ။ (သြဂုတ်လ ၁၁၊ ၂၀၂၃)

ယူကရိန်းဘက်က ရုရှားကို ဒရုန်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာချိန်မှာပဲ အခု ဆောင်းဦီးပေါက်အစောပိုင်းမှာ ဒရုန်းထုတ်လုပ်မှုတွေကို တိုးလုပ်သွားဖို့ စီစဉ်နေတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ပြောပါတယ်။ ယူကရိန်းဟာ ရုရှားရဲ့လေယာဉ်ကွင်းတွေကို လေကြောင်းသုံးဒရုန်းတွေနဲ့ အသုံးပြုတိုက်ခိုက်နေသလို ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားအသွား သင်္ဘောတွေနဲ့ တံတားတွေကိုလည်း ရေကြောင်းသုံး ဒရုန်းတွေနဲ့အသုံးပြုတိုက်ခိုက်နေတာပါ။

တချို့ရက်တွေမှာဆိုရင် ယူကရိန်းဘက်က ဒါဇင်နဲ့ချီတဲ့ဒရုန်းတွေဟာ ရုရှားအတွင်းပိုင်းထဲကို ရုတ်ချည်းဝင်ရောက်တိုက်ခိုက်သလို အဲဒီလို တိုက်ခိုက်မှုတွေဟာ ယူကရိန်းကနေ မိုင်သုံးရာကျော်ဝေးတဲ့ ရုရှားအနောက်ခြမ်း Pskov မြို့အထိ ရောက်ပါတယ်။ ဒရုန်းတွေကို အရေအတွက်များများ တိုးထုတ်သွားမယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက ယူကရိန်းနိုင်ငံပိုင်သတင်းဌာနကို ပြောပါတယ်။

ရုရှားပိုင်နက်တွေထဲတိုက်ခိုက်တဲ့ ဒရုန်းတွေဟာ ယူကရိန်းပြည်တွင်းထုတ်တွေကိုပဲ သုံးလေ့ရှိပါတယ်။ အနောက်အုပ်စုကထောက်ပံ့တဲ့လက်နက်တွေနဲ့ ရုရှားပိုင်နက်ကို မတိုက်ပါဘူးလို့ ယူကရိန်းက အာမခံထားတာကြောင့်ပါ။

ပြီးခဲ့တဲ့တပတ်အတွင်းမှာ ယူကရိန်းဒရုန်းအစင်း ၂၈၁ စီးကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဌာနက သောကြာနေ့က ကြေညာခဲ့ပါတယ်။ ဒါ့ကိုကြည့်ရင် နှစ်နိုင်ငံကြား ဒရုန်စစ်ပွဲက ပိုပြီးအရှိန်မြင့်လာတာကို ပြနေပါတယ်။ ရုရှားက စစ်ပွဲအတွက် အဓိကအသုံးပြုနေတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်တာလို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ တချိန်တည်းမှာတော့ ယူကရိန်းရဲ့ကောက်နှံတင်ပို့မှုမှာ အရေးပါတဲ့ Danube မြစ် ဆိပ်ကမ်းအဆောက်အအုံတွေကို ရုရှားဒရုန်းနဲ့ တိုက်ခိုက်တာခံရပါတယ်။

ရုရှားနဲ့သဘောတူထားတဲ့ ကောက်နှံတင်ပို့မှုလမ်းကြောင်း ပျက်သွားခဲ့ပြီးတဲ့နောက် Danube ဟာ ယူကရိန်းရဲ့ ကောက်နှံတင်ပိုမှု အဓိကလမ်းကြောင်းဖြစ်လာတာပါ။ အခု တနင်္ဂနွေနေ့အစောပိုင်းတုန်းကလည်း တောင်ပိုင်း Odesa ဒေသကို ရုရှားကပစ်လွှတ်လိုက်တဲ့ အီရန်လုပ် Shahed ဒရုန်း ၂၅ စီးထဲက ၂၂ စီးကို ယူကရိန်းကပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်က တယ်လီဂရမ်လူမှုကွန်ယက်မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG